စိတ်ကြွဆေးပြား တစ်သန်းကျော် ဖမ်းမိ


2017.11.30
maungtaw-wy-622 မောင်တောမြို့နယ် ဇူလရွာအနီးမှာ နိုဝင်ဘာလ ၂၉ ရက်နေ့က စိတ်ကြွဆေးတွေနဲ့အတူ ဖမ်းဆီးရမိသူတွေကို တွေ့ရစဉ်
Photo:Information Committee

ရခိုင်ပြည်နယ်၊ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ် အတွင်းကနေ စုစုပေါင်း ကျပ်သိန်းပေါင်း နှစ်သောင်း ငါးထောင်ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်းကျော်ကို နိုဝင်ဘာလ ၂၉ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရသတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၂၉ ရက်၊  နံနက် ၆ နာရီခွဲလောက်မှာ ဟိုက်ဂျက်အမျိုးအစားယာဉ်တစ်စီးက မောင်တောမြို့နယ် ဇူလရွာအနီးမှာ မသင်္ကာဖွယ်အထုပ်တွေကို လမ်းဘေးမှာချပြီး ဇူလရွာဘက်က ရွာသား ၁၅ ယောက်က အဲဒီအထုပ်တွေကို လာရောက်သယ်ဆောင်ပြီး ဇူလရွာဘက်ကို ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။

အဲဒီ ရွာသားတွေက အထုပ်တွေကို လယ်ကွင်းထဲပစ်ချပြီး ထွက်ပြေးသွားခဲ့လို့ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီး ခဲ့ရာမှာ ကာလတန်ဖိုး ကျပ်သိန်းပေါင်း တစ်သောင်းကိုးထောင်ကျော် တန်ဖိုးရှိတဲ့ WY/R စာတမ်းပါ စိတ်ကြွဆေးပြား ၉ သိန်းကျော်နဲ့အတူ ဟိုက်ဂျက်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် အပါအဝင် စုစုပေါင်း  ၃ ဦးကို ဖမ်းဆီးရမိ ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၂၉ ရက်၊ နံနက် ၇ နာရီအချိန်ကလည်း ဘူးသီးတောင်မြို့၊ အနောက်ရပ်ကွက်၊ ဂန္ဓာရီ ပရဟိတဘုန်းကြီးကျောင်းဝန်းအတွင်း ဓမ္မာရုံဟောင်းအနီးကို ကားတစ်စီးက ဆာလာအိတ် ၂ လုံး လာရောက် ချထားခဲ့ပါတယ်။

အဲဒီ ဆာလာအိတ်တွေထဲက ကာလတန်ဖိုး ကျပ်သိန်းပေါင်းခြောက်ထောင်ကျော် တန်ဖိုးရှိတဲ့ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား ၃သိန်းကျော်ကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ ဆေးပြားတွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံးစမ်းရှာဖွေခဲ့ရာမှာ ဘားအံမြို့နေသူ အမျိုးသားတစ်ဦးနဲ့ လှိုင်သာယာမြို့နယ်နေသူ အမျိုးသားတစ်ဦးတို့ကို ပရိုဘောက်ယာဉ်နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး သူတို့ကိုယ်တိုင် ဆေးပြားတွေကို သယ်ဆောင်လာတာဖြစ်တယ်ဆိုပြီး ထွက်ဆိုခဲ့တယ်လို့ အစိုးရသတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။