သံလွင်မြစ်ပေါ်မှ ရေကာတာ ၆ ခု ဒေသခံများ စိုးရိမ်ပူပင်
2013.10.29

သံလွင်မြစ်ကြောင်းတစ်လျှောက် လျှပ်စစ်ဓာတ်အားထုတ်ယူမယ့် ရေကာတာ ၆ ခု တည်ဆောက်မှာကို တိုင်းရင်းသားဒေသခံတွေက စိုးရိမ်ပူပန်နေကြတယ်လို့ ဒီနေ့ ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံအနီး ဒိုင်းမွန်းကွန်ဒို မှာ မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာကွန်ရက်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်က ဒေသခံတွေအနေနဲ့ လက်ရှိမှာလယ်ယာမြေတွေဆုံးရံှုးပြီး သဘာဝပတ်ဝန်းကျင် ်ထိခိုက်မူတွေနဲ့ ကြုံတွေ့နေရတာကြောင့် ရေအားလျှပ်စစ် ထုတ်ယူမယ့် ရေကာတာတွေ တည်ဆောက်မယ် ဆိုရင် အကျိုးဆက်ကို သေချာစဉ်းစားသင့်ကြောင်း ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့က စိုင်းခေးဆိုင်က အခုလိုပြောပါတယ်။
“လောလောဆယ် ထိခိုက်မှုတွေကြောင့် ဒုက္ခသည်တွေလည်းရှိလာတယ်၊ ရေကြီးမှုတွေလည်းရှိလာတယ်၊ သစ်တောပြုန်းတီးမှုတွေလည်း ရှိလာတဲ့အတွက်ကြောင့်မို့ ရာသီဥတုပြောင်းလဲတာတွေ၊ သဘာဝဘေးအန္တရာယ်တွေ ကြုံနေရပြီဆိုတာကတော့ လူတိုင်းသိနေတဲ့ဟာပဲ”
ရှမ်းပြည်နယ်မှာ ဆောက်လုပ်မယ့် ကွမ်းလုံရေကာတာ၊ တာဆန်းရေကာတာ ၊ ကရင်ပြည်နယ်မှာ ဆောက်လုပ်မယ့် ဟတ်ကြီးရေကာတာ စတဲ့ရေကာတာ ၆ ခုကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံတို့ ပူးပေါင်းအကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နည်းပညာနဲ့ ကုန်ကျစရိတ်ငွေကို တရုတ်နဲ့ ထိုင်းနိုင်ငံတို့က အများဆုံးအကုန်အကျခံတဲ့အတွက် မြန်မာနိုင်ငံက အဲဒီရေကာတာ စီမံကိန်းတွေကရလာမယ့် လျှပ်စစ်ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
သံလွင်မြစ် ဖြတ်သန်းစီးဆင်းတဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံက ကိုယ်စားလှယ်တွေကလည်း အဲဒီရေကာတာတွေကြောင့် ဖြစ်ပေါ် လာမယ့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ လူမှုဘဝပျက်စီးရတဲ့ အခြေအနေတွေကို ရှင်းလင်းပြောဆိုကြပါတယ်။