သံလွင် ရေကာတာစီမံကိန်းတွေ ရပ်ဆိုင်းဖို့ ဒေသခံတွေ တောင်းဆို


2015.01.19
salween-305.jpg ရေကာတာ တည်ဆောက်မယ့် သံလွင်မြစ် တစ်နေရာကို တွေ့ရစဉ်
photo: Nay Thwae

သံလွင်မြစ်မှာတည်ဆောက်မယ့် ရေကာတာစီမံ ကိန်းတွေကြောင့် ပဋိပက္ခတွေပိုမို ဆိုးရွားလာပြီး ၊ ဒေသခံတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အတွက် စီမံကိန်းတွေ ချက်ချင်းရပ်ဆိုင်းဖို့ မြန်မာ နိုင်ငံမြစ်ချောင်းများ ကွန်ရက်အဖွဲ့က ဒီနေ့ တိုက်တွန်း လိုက်ပါတယ်။

နိုင်ငံရေးနဲ့ တခြားအဖွဲ့အစည်း ၁၃၁ ဖွဲ့ နဲ့ ဒေသခံ ခြောက်သောင်းတစ်ထောင်ကျော်က လက်မှတ်ရေးထိုးပြီး ရေကာတာစီမံကိန်းတွေ ရပ်ဆိုင်း လိုက်ဖို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ တရုတ်နဲ့ ထိုင်း သံရုံးတွေကို အိတ်ဖွင့်ပေးစာပေးပို့ခဲ့တာပါ။

ရှမ်းပြည်နယ်မှာ ကွမ်းလုံ၊ နောင်ဖာနဲ့ တာဆန်းရေကာ တာ၊ ကယားပြည်နယ်မှာ ရွာသစ်နဲ့ ကရင်ပြည်နယ်မှာ ဟတ်ကြီးရေကာတာ စတာတွေတည်ဆောက်ဖို့ ရှိနေပါတယ်။

ဟတ်ကြီးရေကာတာအနီးမှာ အစိုးရစစ်တပ်နဲ့ နယ်ခြားစောင့်တပ်က ဒီကေဘီအေကို မနှစ်က ထိုးစစ်ဆင်လို့ ဒေသ ခံတွေနေရပ်ရွှေ့ပြောင်းရပြီး နောင်ဖာနဲ့ ကွမ်းလုံရေကာတာ စီမံကိန်းတွေအနီးမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ တယ်လို့ မြန်မာနိုင်ငံ မြစ်ချောင်းများ ကွန်ရက်အဖွဲ့က ပြောပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံကို လျှပ်စစ်ဓာတ်အားတင်ပို့ဖို့ ကွမ်းလုံရေကာတာ စီမံကိန်း ဆောက်လုပ်ရေး လုပ်ငန်းတွေ စတင်နေပြီဖြစ်တဲ့အတွက် ကျေးရွာ ၆ဝ က ဒေသခံတွေဟာ မြေယာနဲ့အိုးအိမ်တွေ ဆုံးရှူံးခဲ့ရတယ်လို့လည်း ဆိုပါတယ်၊ ရေကာတာတွေကြောင့် သံလွင်မြစ်ရဲ့ သဘာဝဂေဟစနစ်ပျက်ပြားပြီး မြစ်ကြောင်းတလျှောက် က ဒေသခံတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းနဲ့ ငါးလုပ်ငန်းတွေ ထိခိုက်ရုံမက ရေကာတာကျိုးပေါက်ရင် ရေလွှမ်းမိုးမယ့် အန္တရာယ်လည်း ရှိနေပါတယ်။

သံလွင်မြစ်ရေကာတာစီမံကိန်းတွေကို ထိုင်းနိုင်ငံက EGAT ကုမ္ပဏီ၊ တရုတ်နိုင်ငံက Three Gorges Corporation, Hanergy Holding Company, Hydro China Corporation  နဲ့ China Datang Overseas Investment Co. Ltd. တို့နဲ့ မြန်မာနိုင်ငံက International Group of Entrepreneurs Co. Ltd. ရွှေတောင်ကုမ္ပဏီနဲ့ Asia World ကုမ္ပဏီတွေ ပူးပေါင်းပြီး အကောင်အထည်ဖော်နေတာပါ။

ရေကာတာစီမံကိန်းတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမြစ်ချောင်းများ ကွန်ရက်အဖွဲ့က ကိုစိုင်းခေးဆိုင်ကို ဒေါ်စမ်းစမ်းတင် က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။