ကရင်ပြည်နယ်တွင်း စစ်ပွဲတွေဖြစ်လာနိုင်ကြောင်း KRW ပြောကြား


2016.09.30
salween-river-620.jpg သံလွင်မြစ်တစ်နေရာကို တွေ့ရစဉ်
Photo: Nay Thwae/RFA

ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ရက် KRW က ကရင်ပြည်နယ် ဟတ်ကြီးရေကာတာ စီမံကိန်းတည်ရှိရာ နယ်မြေအတွင်း မြန်မာအစိုးရတပ်မတော်နဲ့ BGF နယ်ခြားစောင့်တပ်ဖွဲ့တွေရဲ့ စစ်ဆင်မှုတွေကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ပေါ်ပေါက်လာနိုင်ကြောင်း မနေ့က သတိပေးလိုက်ပါတယ်။

KRW ပြောခွင့်ရသူ စောသာဘိုးက လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ရေကာတာစီမံကိန်း အကောင် အထည်ဖေါ်ဖို့ မြန်မာအစိုးရက ပြင်ဆင်နေတာဖြစ်တယ်လို့ ပြောပါတယ်။

"DKBA နဲ့ BGF ကြားမှာ ကျနော်တို့ကရင်ပြည်နယ်မှာ ပဋိပက္ခဖြစ်တယ်လို့ပဲ လူတွေကမြင်ကြတယ်၊ ဒီလိုပဋိပက္ခဖြစ်ခြင်းရဲ့ နောက်ကွယ်မှာဆိုလို့ရှိရင် ရေကာတာတည်ဆောက်ဖို့ ရည်ရွယ်ချက်တွေ အများကြီးရှိတယ်ဆိုတဲ့ဟာကို ဒီနေ့ပြည်သူလူထုသိအောင် ကျနော်ကတို့ ပြောပြချင်ပါတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်ခင်ဗျ"

အဲဒီ ဟတ်ကြီးရေကာတာစီမံကိန်းကို တရုတ်၊ မြန်မာနဲ့ ထိုင်းကုမ္ပဏီတွေ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး ထွက်ရှိလာမယ့် လျှပ်စစ်ဓါတ်အားတွေအပြင် သံလွင်မြစ်ရေကိုပါ ထိုင်းနိုင်ငံကို ပို့ဆောင်မှာဖြစ်တယ် လို့ စောသာဘိုးက ပြောပါတယ်။

"လျှပ်စစ်ဓါတ်အားကတော့ စုစုပေါင်း ၁၃၅ဝ မီဂါဝပ်ထွက်မယ်ဗျ၊ အဲ့ဒီထဲမှာမှ ၈၅ ရာခိုင်နှုန်းကို ထိုင်းကနေပြီးတော့ အပြည့်အဝသုံးစွဲမှာဗျ"

မြန်မာတပ်မတော်က သံလွင်မြစ်ကြောင်းတလျောက်ကို ထိန်းချုပ်ဖို့ဆောင်ရွက်နေကြာင်းနဲ့  ဒီစီမံကိန်းရဲ့ နောက် ကွယ်မှာ ကွယ်လွန်သူ စစ်အစိုးရဝန်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ဗိုလ်ချုပ်ကြီးဟောင်း မောင်အေးရဲ့ မိသားစုတွေ ပါဝင်ပတ်သက်နေကြောင်းလည်း စောသာဘိုးက RFA ကိုပြောပါတယ်။

အဲဒီဒေသဟာ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ KNLA တပ်မဟာ ၅ နယ်မြေထဲမှာ ရှိပါတယ်။ အခု အချိန်အထိတော့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ်ထိုးထားတဲ့ KNLA တပ်ဖွဲ့တွေ  တိုက်ပွဲထဲမှာ ပါဝင်လာခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ မြန်မာစစ်တပ်နဲ့ BGF နယ်ခြားစောင့်တပ်တွေ အခုလို KNLA နယ်မြေထဲကို  ဦးတည်ထိုးဝင်လာမှုတွေကြောင့် အခြေအနေတွေ ပြောင်းလဲသွားနိုင်ပါတယ်။ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီက သူတို့ နယ်မြေထဲကို စည်းကျော်ဝင်လာမယ်ဆိုရင် တိုက်ပွဲတွေ ဖြစ်လိမ့်မယ်လို့ မြန်မာ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ကို သတိပေးခဲ့တယ်လို့ သိရပါတယ်။

KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီက ရေရှည်တည်တန့်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို မရသေးမချင်း ကရင်ပြည်နယ်အတွင်းမှာ အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းတွေ အကောင်အထည်ဖေါ်မှာကို ကန့်ကွက်သွားဖို့ သဘောတူဆုံးဖြတ်ထားတယ်လို့လည်း ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ရက် KRW က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။