ရေအားလျှပ်စစ် စီမံကိန်းတွေကို ကန့်ကွက်ဆန္ဒပြ
2018.03.14

မြန်မာနိုင်ငံက မြစ်မကြီးတွေအပြင် မြစ်လက်တက်တွေမှာ ရေအားလျှပ်စစ် စီမံကိန်းကြီးတွေ မဆောက်ဖို့နဲ့ ရေအားလျှပ်စစ် စီမံကိန်းကြီးတွေကို ကန့်ကွက်ကြောင်း ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က ဒေသခံတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့တွေက လှိုင်းဘွဲ့မြို့နယ်က ဟတ်ကြီးရေကာတာ တည်ဆောက်မယ့်နေရာအနီးမှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
ဟတ်ကြီးရေကာတာ စီမံကိန်းကြောင့် လတ်တလောမှာ ဒေသခံတွေ ဒုက္ခရောက်နေတယ်လို့ ကရင်မြစ်ချောင်းများ ကွန်ရက် ညှိနှိုင်းရေးမှူး ကိုစောသာဖိုး က ပြောပါတယ်။
"အစိုးရရဲ့ Master Plan အရ ဟတ်ကြီးကတော့ ၂၀၂၁ မှာ အပြီးသတ်တည်ဆောက်မယ့် စီမံကိန်းဖြစ်တယ်၊ ဒီလိုဖြစ်တဲ့အတွက် တိုက်ပွဲဖြစ်နေတယ်၊ ဒုက္ခသည်တွေရှိနေတယ်၊ အခုဆိုလမ်းဖောက်တယ်၊ ဟိုဘက်ကမ်းမှာ လှမ်းကြည့်မယ်ဆိုရင် လမ်းကို တောင်ခြေအထိရောက်နေတာတွေ့ရမယ်၊ လမ်းဖောက်တဲ့အခါ ဒေသခံတွေကို ခိုင်းစေပြီးတော့လုပ်တာတွေကို ကျနော်တို့ကသတင်းကြားရတယ်၊ ဒီလိုမျိုးအနေအထားမျိုးတွေရှိတဲ့အခါမှာ ရေကာတာစီမံကိန်းကတော့ ဖြစ်လာမယ်ဆိုရင် ဒေသခံတွေအတွက် ပြဿနာတွေအများကြီးရှိတယ်၊ လောလောဆယ် ဘာမှမဆောက်ခင်တောင် စစ်ဘေးရှောင်တွေဒုက္ခရောက်တယ်၊ ဆောက်ရင် သူတို့နေတဲ့ အိုးအိမ်တွေ မြေယာတွေ ရေမြုပ်သွားမယ်"
ဒီစီမံကိန်းတွေဟာ ဖွံ့ဖြိုးရေးကို အကြောင်းပြုပြီး လုပ်ဆောင်နေတာဖြစ်တယ်လို့ Future Thanlwin အဖွဲ့က ဒေါ်နှင်းရီက ပြောပါတယ်။
"မြစ်ကြီးတွေအပေါ်မှာရော မြစ်လက်တက်တွေအပေါ်မှာရော အားလုံးကို ကျမတို့က ကန့်ကွက်တယ်။ ကန့်ကွက် တယ်ဆိုတာဟာ ကျမတို့ လက်ရှိအစိုးရပဲဖြစ်ဖြစ်၊ အရင်အစိုးရပဲဖြစ်ဖြစ်၊ သူတို့ရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းဆိုပြီး ခေါင်းစဉ်တပ်ပြီးတော့မှ လုပ်ကိုင်နေတဲ့ဟာက ကျမတို့ ဒေသခံတွေအတွက် မဟုတ်ဘူး။ တခြား နိုင်ငံတွေ အတွက် ဖြစ်တယ်။ အစိုးရအတွက် ဖြစ်တယ်။ ကျမတို့ ဒေသခံတွေအတွက် ဘာမှအကျိုးမြတ်မရှိဘူး။ မကြာခဏ ရွှေ့ပြောင်းနေရတဲ့ ဆင်းရဲဒုက္ခတွေလည်း မခံနိုင်တော့လို့ ဒါကြောင့်မို့လို့ ကျမတို့ တောင်းဆိုတာလည်းဖြစ်တယ်။ ကန့်ကွက်တာလည်းဖြစ်တယ်"
ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ရေကာတာများ ဆန့်ကျင်ရေးနေ့အထိမ်းအမှတ်နဲ့ ဆန္ဒပြပွဲနဲ့ ဆုတောင်းပွဲ ကျင်းပတာဖြစ်ပါတယ်။ ဒီဟတ်ကြီး ရေကာတာစီမံကိန်းနေရာကို လမ်းဖောက်လုပ်ဖို့ဆိုပြီး ဖာပွန်ခရိုင်မှာ ကေအန်ယူ ထိန်းချုပ်နယ်မြေမှာ တပ်မတော်ဘက်က အင်အားတိုးချဲ့တာတွေ ရှိလာတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေပြီး ကျေးရွာ ၁၄ ရွာက လူဦးရေ ၁၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ကရင်မြစ်ချောင်းများကွန်ရက် ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒေသခံတိုင်းရင်းသားတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းက လူဦးရေ ၁၇၀၀ လောက်နဲ့ ကယားပြည်နယ် ဖားဆောင်း မြို့နယ်၊ ဘဟီထာကျေးရွာက ဒေသခံ ၃၀၀ လောက်ဟာ သံလွင်မြစ် လွတ်လပ်စွာ စီးဆင်းပါစေဆိုပြီး ဆုတောင်းခဲ့ကြပါတယ်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ်အုပ်စု တာလုံကျေးရွာမှာလည်း ၂၀၀၈ ခုနှစ်ကတည်းက ဆောက်လုပ်နေတဲ့ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ကန့်ကွက်ကြောင်းနဲ့ မြစ်ချောင်းများ လွတ်လပ်စွာ စီးဆင်းပါစေဆိုပြီး လူဦးရေ ၁၅၀ လောက်က ဆုတောင်းကြပါတယ်။
မြန်မာနိုင်ငံရဲ့ အဓိကမြစ်တွေအပြင် မြစ်လက်တက်တွေမှာ ရေအားလျှပ်စစ်စီမံကိန်းကြီးတွေ ဆောက်ဖို့ စီစဉ်နေတဲ့ အစိုးရနဲ့ နိုင်ငံတကာ ရေအားလျှပ်စစ်ဆောက်လုပ်ရေး၊ စက်မှုလုပ်ငန်းတွေနဲ့ ရင်းနှီးမြုပ်နှံတာတွေကို ရပ်တန့်ဖို့ မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက် က ထုတ်ပြန်တောင်းဆိုထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ စွမ်းအင်အစီအစဉ်အရ သံလွင်မြစ်၊ ဧရာဝတီမြစ်နဲ့ အဲဒီမြစ်တွေရဲ့ မြစ်လက်တက်တွေပေါ်မှာ ရေအားလျှပ်စစ် စီမံကိန်းပေါင်း ၅၀ ကျော်ကို တည်ဆောက်ဖို့ ရာထားပါတယ်။ အဲဒီကနေ လျှပ်စစ် ၃ ထောင်ကနေ ၄ သောင်း ၆ ထောင် မဂ္ဂါဝပ်အထိ ထုတ်ယူမှာဖြစ်ပြီး ရလာတဲ့ လျှပ်စစ် ၇၅ ရာခိုင်နှုန်းဟာ တရုတ်၊ ထိုင်းနဲ့ တခြားနိုင်ငံတွေကို ပို့ပေးရမှာဖြစ်ပါတယ်။
လက်ရှိ အခြေအနေအရဆိုရင် တိုင်းရင်းသားတွေဟာ ဒေသတွင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာနေရတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးနေတာနဲ့ ဒေသတွင်း အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ထိခိုက်တာတွေကို ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့ကြောင့် ပဋိပက္ခနေရာတွေမှာ ဒီလိုစီမံကိန်းတွေ လုပ်နေတာဟာ စစ်ပွဲတွေကို အဓွန့်ရှည်တာနဲ့ ထိခိုက်ဆုံးရှုံးမှုများ သာ ဖြစ်စေတာကြောင့် ပြန်လည်သုံးသပ်ပေးဖို့၊ ဖက်ဒရယ်စနစ် မရသေးသမျှ ရေအားလျှပ်စစ်စီမံကိန်းတွေကို ရပ်တန့်ထားသင့်ကြောင်း တောင်းဆိုထားပါတယ်။
သံလွင်မြစ်ပေါ်မှာရှိတဲ့ ကွမ်လုံ၊ နောင်ဖာ၊ မိုင်းတုန် ခေါ် တာဆန်း၊ ရွာသစ်နဲ့ ဟတ်ကြီးစတဲ့ နေရာ ၅ ခုမှာ အစိုးရက ရေကာတာတွေ တည်ဆောက်ဖို့ စီစဉ်နေတာဖြစ်ပြီး ဒေသခံတွေက ကန့်ကွက်နေကြတာဖြစ်ပါတယ်။