ကမ္ဘာ့အလှူရှင်များ ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် စကားပြောမည်
2011.09.18

Photo: AFP
လာမယ့် အင်္ဂါနေ့မှာ စတင် ကျင်းပမယ့် (၇) ကြိမ်မြောက် အလှူရှင်များ ညီလာခံမှာ အမေရိကန် သမ္မတ ဘာရက် အိုဘားမား အပါအဝင် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင် (၅၀) တက်ရောက်မှာ ဖြစ်ပါတယ်။ နိုင်ငံပေါင်းစုံ နယ်ပယ် အသီးသီးက ကိုယ်စားလှယ်ပေါင်း (၁၂၀၀) လည်း
တက်ရောက်ကြမှာ ဖြစ်ပြီး ညီလာခံကို (၃) ရက်ကြာ ကျင်းပမှာပါ။
ဒီနှစ်ညီလာခံမှာ တကမ္ဘာလုံးက အင်အားကြီး နိုင်ငံတွေမှာ အလုပ်လက်မဲ့ ဦးရေ များပြားနေတာကို ဖြေရှင်းနိုင်မယ့် စီးပွားရေး မူဝါဒတွေကို အဓိကထား တင်ပြ ဆွေးနွေးကြမယ်လို့ သိရပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုမယ့် အကြောင်းအရာနဲ့ပတ်သက်ပြီး အမေရိကန် သမ္မတဟောင်း Bill Clinton က -
"တကမ္ဘာလုံးက အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့အတူ ရင်ဘောင်တန်းပြီး တန်းတူ ညီမျှစွာ အလုပ်အကိုင် ရရှိမှု ၊ ဖန်တီးနိုင်မှုရှိဖို့ဆိုရာမှာ တစ်စုံတစ်ရာ လွတ်လပ်တဲ့ နိုင်ငံရေး လူမှုအဖွဲ့အစည်း ဖြစ်ဖို့လိုအပ်တဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားပြု ပြောသလို ဖြစ်မှာပါ။" လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်ပြီးစမှာ အင်တာနက် စာမျက်နှာတွေ သုံးစွဲပြီး တကမ္ဘာလုံးနဲ့ချိတ်ဆက်သွားမယ်လို့ ရည်မှန်းထားခဲ့ပေမဲ့၊ လုပ်ငန်းကိစ္စတွေ များပြားပြီး မအားလပ်တာကြောင့် Facebook နဲ့ Twitter လူမှုကွန်ယက် အင်တာနက် စာမျက်နှာတွေအတွက်
အချိန်ပေးဖို့မဖြစ်နိုင်သေးဘူးလို့ အေအက်ပီ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။
မစ္စတာ ကလင်တန်ဟာ ၁၉၉၃ ခုနှစ် ကနေ ၂၀၀၁ ခုနှစ်အထိ အမေရိကန် သမ္မတ အဖြစ် သက်တမ်း (၂) ကြိမ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ သူဟာ ကမ္ဘာတဝှမ်းက လူမျိုးပေါင်းစုံရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေမှာ အထောက်အကူ ဖြစ်စေဖို့အတွက် Clinton Global Initiative ကို
တည်ထောင်ပြီး ကူညီပေးနေပါတယ်။