ရွှေပြည်သာ စုပေါင်းအလုပ်သမား သပိတ်ကို ရန်ကုန်ရဲတပ်ဖွဲ့ အကြမ်း ဖက်နှိမ်နင်း


2015.02.20
factor-workers-protest-305.jpg လုပ်ခလစာတိုးမြှင့်ရေးအတွက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အလုပ်သမားတွေ ရန်ကုန်မှာဆန္ဒပြကြစဉ်
Photo: Wai Yan Moe Myint/RFA

ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုံမှာ အခြေခံလစာ တိုးပေး ဖို့ သပိတ်မှောက် တောင်းဆိုနေတဲ့ အလုပ် သမားတွေကို မနေ့ညနေ ၅ နာရီကျော်လောက်မှာ ရဲအင်အားအလုံး အရင်းနဲ့အကြမ်းဖက် နှိမ်နင်း လိုက်ပါတယ်။

ရဲတပ်ဖွဲ့တွေကရိုက်နှက်တဲ့အတွက် အမျိုးသမီးအလုပ် သမားနှစ်ယောက်အပါအဝင် E-Land Myanmar စက်ရုံ က ၁၂ ယောက်၊ Costec စက်ရုံက ၃ ယောက်နဲ့၊ Ford Glory စက်ရုံက ၆ ယောက် စုစုပေါင်း အယောက် ၂၀ ကျော် ဒဏ်ရာရသွားတယ် လို့သိရပါတယ်။

ဒါ့အပြင် အလုပ်သမားခေါင်းဆောင်တွေဖြစ်တဲ့ ကိုနောင်နောင်နဲ့ ကိုဂျောက်ဂျက်ဆိုသူ ၂ ဦးအပါအဝင် အလုပ်သမားအနည်းဆုံး ၁ဝဝ ရာကျော်ဖမ်းဆီးခံလိုက် ရ တယ်လို့ စုပေါင်းသပိတ်ကော်မတီဝင် ကိုသူဇော်က RFA ကို ပြောပါတယ်။

"ရဲတွေက ဟိုဖက်ထိပ်၊ ဒီဖက်ထိပ်ကိုပိတ်လိုက် တယ်၊ ပိတ်လိုက်ပြီးတော့ အလုပ်သမားတွေကိုဖြို တယ်ပေါ့၊ ဖြိုတော့ပြိုသွားတယ်ပေါ့၊ အလုပ်သမားတွေ ပါတဲ့သူတွေလဲ ပါတာပေါ့၊ ဒါပေမဲ့ သပိတ်စခန်း အတွင်းထဲကိုတော့မဝင်ဘူး၊ အပြင်မှာရှိတဲ့သူတွေ အကုန် ဆွဲတာ၊ ရိုက်တာနှပ်တာတွေလဲရှိတယ် ၊ ကျောက်ခဲနဲ့ထုတာတွေလဲရှိတယ်၊ အလုပ်သမားကောင်မလေး ၂ ယောက်ဆိုရင်ခေါင်းပေါက် သွားတယ်၊ အလုပ်သမား ခေါင်းဆောင် ကိုနောင်နောင်လဲပါသွားတယ်၊ ကိုဂျောက်ဂျက်လဲပါသွားပြီ၊ နီးစပ်ရာကို ဖမ်းတာပေါ့ဗျာ၊ သပိတ်စခန်းထဲကိုတိုးဝင်ပြီးတော့ ကျနော်တို့ အလုပ်သမားတွေ ကဝိုင်းကာလို့ အဲ့မှာရသလောက်လေးကိုဆွဲသွားတယ်၊ ပြီးတော့ပြန်လုကြတယ်၊ အဲ့လိုမျိုးပေါ့နော်၊ ရပ်ကွက်ကလူကြီးတွေ ဝိုင်းလဲဝိုင်းလာရော သူတို့တွေကားပေါ်တက်ပြေးသွားတယ်"

အဲ့ဒီနောက်ပြည်သူတွေ အတော်များများရောက်လာပြီး အကာအကွယ်ပေးတဲ့အတွက် အလုပ်သမားတွေက အဲ့ဒီနေရာ မှာပဲဆက်ပြီး သပိတ်မှောက်နေကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရကတော့ ရွှေပြည်သာစက်မှုဇုန် ၃မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ အလုပ် သမားတွေဟာ တရားဥပဒေကို ချိုးဖေါက်နေကြောင်း မနေ့က ပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးှဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က မနေ့က အင်းစိန်မြို့နယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုသတိပေး ပြောကြားခဲ့ တာဖြစ်ပါတယ်။

"သူတို့အခုတောင်းဆိုနေတဲ့နေရာမှာ စက်ရုံရဲ့ဝင်ပေါက်ကို ပိတ်ဆို့ပြီးတော့ အဝင် အထွက်မရှိအောင် တားဆီးပြီးတော့ လုပ်နေတာက ဥပဒေကြောင်း အရမညီညွတ်ပါဘူး၊ ဒါတွေတော့မလုပ်သင့်ပါဘူး ၊ ပြဌာန်းထားတဲ့ဥပဒေအတွင်းကပဲ မှန်မှန်ကန်ကန်နဲ့ တောင်းဆိုစေချင်ပါတယ်၊ ဥပဒေနဲ့ မညီတဲ့ လုပ်ငန်းရပ်တွေကိုလဲ မလုပ်ဖို့မေတ္တာရပ်ခံပါတယ် "

အလုပ်သမားတွေက လုပ်ခလစာတိုးပေးဖို့ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့်ဆန္ဒပြ နေကြတာ ရက်ပေါင်း ၂ဝ လောက် ကြာနေပြီဖြစ်ပါတယ်။

သပိတ်ဖြိုခွဲခံရတဲ့မြင်ကွင်းနဲ့ပတ်သက်လို့ သပိတ်ကော်မတီဝင် ကိုသူဇော်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။