အလုပ်ထုတ်တာတွေ ဆက်မလုပ်ဖို့ အထည်စက်လုပ်သားများ ဆန္ဒပြ
2016.01.24

မန္တလေးတိုင်းဒေသကြီး ပုလိပ်မြို့ရှိ ပန်ဒါ ချည်မျှင်အထည်နဲ့ အချောကိုင်စက်ရုံမှာ အလုပ်ရှင်က အလုပ်သမားတွေ ကို အလုပ်ထုတ်နေတာတွေ ဆက်မလုပ်ဖို့ ဝန်ထမ်း ၆၀၀ ကျော်လောက် ဒီနေ့ ပုလိပ်မြို့မှာ လှည့်လည်ဆန္ဒပြ ခဲ့ကြပါတယ်။
အလုပ်ထုတ်ခံနေရတာတွေကို စက်မှုဝန်ကြီးဌာန အထည်အလိပ်လုပ်ငန်း အနေနဲ့ ကူညီဖြေရှင်းပေးဖို့ တောင်းဆို တာဖြစ်တယ်လို့ အလုပ်ထုတ်ခံခဲ့ရတဲ့ ဒေါ်ဇာခြည်ဝင်း က ပြောပါတယ်။
"အလုပ်သမားတွေဘက်မှာ ဥပဒေကအခိုင်အမာ မရှိတဲ့အတွက် အမတို့အလုပ်သမား ထုရေရှည် ရပ်တည်ရေး၊ ဆင်းရဲသားအလုပ်သမားထုတွေ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး လုပ်ငန်းခွင် အာမခံချက်ပျောက်ဆုံးနေတဲ့ အတွက် ဒီအလုပ်သမားတွေကလည်း ပုဂ္ဂလိကဝန်ထမ်းစစ်စစ်တွေ မဟုတ်ဘူး၊ နိုင်ငံတော် မှာ တစ်သက်လုံးလုပ်ကျွေးပြု လာတဲ့ အလုပ်သမားတွေ ဖြစ်တဲ့အတွက် စက်မှုဝန်ကြီးဌာနအနေနဲ့ ကျမတို့အခုလက်ရှိ ခံစားနေရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို အတတ်နိုင်ဆုံးဘယ်လိုကုစားပေးမလဲ ဆိုတာမျိုး အမတို့အနေနဲ့ ကုစားပေးစေချင်တဲ့ စိတ်ဆန္ဒကို ထုတ်ဖော်ရခြင်းဖြစ်တယ်"
အဲဒီစက်ရုံကို Panda Textile ကုမ္ပဏီက ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က စက်မှုဝန်ကြီးဌာန အထည် အလိပ်လုပ်ငန်းကနေ ပုဂ္ဂလိကလုပ်ငန်းအနေနဲ့ လွှဲပြောင်းယူထား တာ ဖြစ်ပါတယ်။
စက်မှုဝန်ကြီးဌာနကနေ လွှဲပြောင်းယူပြီးနောက်ပိုင်းမှာ စက်ရုံမှာဖွဲ့စည်းထားတဲ့ အခြေခံအလုပ်သမားအဖွဲ့ ဥက္ကဌ နဲ့ အဖွဲ့ဝင် ၃၀ ကျော်ကို ဆက်တိုက်ဆိုသလို အလုပ်ထုတ်နေတယ်လို့ ပြောပါတယ်။
အလုပ်ထုတ်ခံထားရတဲ့ ဝန်ထမ်းတွေဟာ စက်ရုံထဲမှာ ဆူပူအောင် သွေးထိုးလှုံ့ဆော်သူတွေလို့ အလုပ်ရှင်က စွပ်စွဲပြီး အလုပ်ထုတ်တာဖြစ်တယ်လို့ ဆန္ဒပြဝန်ထမ်းတွေက ပြောပါတယ်။
အစိုးရဝန်ထမ်းဟောင်းတွေဖြစ်ကြတဲ့ ဆန္ဒပြသူတွေဟာ အလုပ်ထုတ်ခံထားရတဲ့ ဝန်ထမ်းတွေကို ပြန်လည် ခန့်ထားပေး ဖို့အပြင် ပုဂ္ဂလိကလွှဲပြောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ပေးဖို့ လည်း တောင်းဆိုခဲ့ကြပါတယ်။