မြန်မာ-ယန်စီကုမ္ပဏီနဲ့ အလုပ်သမားတွေ မပြေလည်မှုတွေရှိနေ
2020.02.06
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားချိန်မှာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက မြန်မာယန်စီကုမ္ပဏီကို တရုတ်နိုင်ငံ ကနေ ပြန်ရောက်လာတဲ့ တရုတ်နိုင်ငံသားတစ်ဦး သေဆုံးတာ ဟုတ်၊ မဟုတ် ကိစ္စနဲ့ပတ်သက်ပြီး မြန်မာယန်စီ ကုမ္ပဏီ၊ အာဏာပိုင်တွေနဲ့ အလုပ်သမားတွေကြားမှာ မပြေလည်မှုတွေရှိနေကြပါတယ်။
အင်အား ၃၀၀ လောက်ရှိတဲ့ မြန်မာယန်စီကုမ္ပဏီက မြန်မာအလုပ်သမားတွေဟာ မနေ့ညကစပြီး အလုပ်မဆင်း ကြဘဲ ကုမ္ပဏီအဝင်ဝမှာ စုဝေးနေခဲ့ကြပါတယ်။
အကြောင်းကတော့ တရုတ်နိုင်ငံက ပြန်လာတဲ့ တရုတ်နိုင်ငံသား ဝန်ထမ်းတစ်ဦး သေဆုံးသွားပြီဆိုတဲ့သတင်း ပျံ့နှံ့နေတာတွေဟာ မှားယွင်းကြောင်း မြန်မာအစိုးရက ကြေညာထားပေမယ့်လည်း မြန်မာအလုပ်သမားတွေက ဒီကြေညာချက်ကို မယုံကြည်ကြလို့ပါ။
မြန်မာယန်စီကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ ကိုကျော်သီဟ ကတော့
"ဝူဟန်ဗိုင်းရပ်စ်က တကမ္ဘာလုံးမှာ စိုးရိမ်စရာဖြစ်နေတယ်။ စိုးရိမ်ရတဲ့အနေအထားကိုမှ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိတဲ့အနေအထားမျိုးကို လိုချင်တာ" လို့ ပြောပါတယ်။
အလုပ်သမားတွေ ယူဆနေတာက ကိုရိုနာဗိုင်းရပ်စ် ကူးဆက်ခံထားရတဲ့ တရုတ်နိုင်ငံသားဟာ ကုမ္ပဏီအတွင်း မှာရှိနေတယ် ဆိုတာပါပဲ။
အဲဒါကြောင့် သူတို့အလုပ်ဆင်းတဲ့အခါ ဒီရောဂါပိုး ကူးဆက်ခံရမလားလို့ စိုးရိမ်နေကြတာပါ။
"စစစ်တုံးက ၂၅ ယောက်၊ ဘယ်ကတိုးလာတာလဲ၊ ကျန်းမာရေးအခြေနေ အကုန်ကောင်းတယ်လို့ သတင်း ပြန်ကြားတယ်။ ဒါပေမဲ့ ၁၄ ရက်လောက်စောင့်ကြည့်မှ အဖြေသိမယ့်ကိစ္စလေ၊ ဘယ်လိုပဲနေနေ ဒီမှာထားဖို့ မသင့်ဘူး၊ save zone တွေမှာ ထားသင့်တာ၊ မိုင်းက ဝန်ထမ်းမြို့လေ၊ ဒါကို မနေ့ညကစပြီး တောင်းဆိုတယ်၊ စောင့်ကြည့်နေရတဲ့ တရုတ်လူမျိုးတွေ ဒီမှာလုံးဝမရှိစေချင်ဘူး" လို့ မြန်မာအလုပ်သမား ဦးစိုးနိုင် က ပြောပါတယ်။
ကုမ္ပဏီတာဝန်ရှိသူတစ်ဦးကတော့
"အားလုံးသဘောတူပါသလားခင်ဗျ၊ မတူတဲ့အချက်ကိုလည်း ဒီမှာ ပြန်ပြီးဆွေးနွေးပေးနိုင်ပါတယ်။ ဆွေးနွေးတဲ့ အခါမှာ စိတ်ကျေနပ်မှုရအောင် ကျနော်တို့က သဘာဝကျကျ၊ ဥပဒေနဲ့အညီလုပ်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ လုပ်ငန်းခွင်ကို ပြန်ပြီးဆောင်ရွက်ပေးပါ၊ လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေကိုလည်း လုပ်ငန်းခွင်မှာ ဌာနမှူးနဲ့ဆွေးနွေးပြီးပြောပါ။ အကူညီလိုရင်ပြောပါ။ ကော်မတီကို ဒီနေ့က စဖွဲ့လိုက်ပါတယ်။ ပြီးရင်ပြန်ကြား မှုတွေ လုပ်ပေးပါမယ်။ အခုလို ရှုပ်ထွေးနေတဲ့ကာလမှာ လုပ်ငန်းခွင်တည်ငြိမ်ဖို့ ပြင်ပပယောဂတွေ မကျရောက်ဘဲ လုံခြုံမှုရဖို့ ပူးပေါင်းဆောင်ရွက်မှရမယ်" လို့ ပြောပါတယ်။
ဒါကတော့ အလုပ်သမားတွေနဲ့ ကုမ္ပဏီဘက်က တာဝန်ရှိသူတွေ ဆွေးနွေးနေကြတာပါ။
ကိုရိုနာဗိုင်းရပ်စ်ပိုး မပျံ့ပွားအောင် ကြိုတင်စီစဉ်ထားတယ်လို့ ကုမ္ပဏီဘက်ကတော့ အလုပ်သမားတွေကို ရှင်းပြပါတယ်။
"သီးသန့်ထားတဲ့အတွက်ကြောင့် သီးသန့်ထားတဲ့သူတွေကိုလည်း ကိုရိုနာဗိုင်းရပ်စ်မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ ဆိုတာကိုလည်း ကြိုပြီးတော့ စဉ်းစားလို့ရမယ်၊ ဝန်ထမ်းတွေလည်း ကြိုပြီးတော့ကာကွယ်နိုင် တာပေါ့"
ဒီရောဂါပိုးကူးစက်မှာကို မစိုးရိမ်ကြဖို့နဲ့ အလုပ်ပြန်ဝင်ကြဖို့ အလုပ်သမားတွေကို တိုက်တွန်းနေပါတယ်။
RFA ရဲ့ မန္တလေးသတင်းထောက်ကလည်း အလုပ်သမားတွေနဲ့ ဆက်သွယ်မေးမြန်းချက်ကို အခုလိုရှင်းပြထားပါတယ်။
"ယန်စီရဲ့အောက်မှာလည်း အလုပ်သမားကိုယ်စားလှယ်တွေနဲ့ ကုမ္ပဏီရဲ့တာဝန်ရှိသူတွေသွားပြီး ညိနှိုင်းနေတယ်။ တစ်ဖက်ကပြောတာကတော့ ကုမ္ပဏီဝင်းထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူမရှိဘူးလို့ ပြောလိုက်တယ်။ ပြန်ပြီးအလုပ်ဆင်းဖို့ အဖြေပေးလိုက်တယ်ပြောတယ်။ သပ်သပ်ခွဲထားလို့ ၃၀ ကျော်ကို ပြန်ပြီးတော့ လုံခြုံစိတ်ချရ တဲ့နေရာဖြစ်တဲ့ ဆရာဝန်တွေရှိတဲ့နေရာတွေမှာ ထားပေးဖို့ တောင်းဆိုနေကြတာ၊ ရွေ့မပေးမချင်းတောင်းဆိုမယ်။ လုပ်ငန်းခွင်မဝင်ဘူး"
အလုပ်သမားတွေဘက်ကတော့ သူတို့ ကျေနပ်တဲ့အထိ ကုမ္ပဏီတာဝန်ရှိသူတွေဘက်က ဖြေရှင်းချက်မရမချင်း အလုပ်မဆင်းဘူးလို့ ပြောကြပါတယ်။ မြန်မာဝမ်ပေါင်ကုမ္ပဏီကလည်း ဖေဖော်ဝါရီ ၇ ရက်နေ့ အစိုးရသတင်းစာမှာ သူတို့ကုမ္ပဏီမှာ တရုတ်အလုပ်သမား သေဆုံးတာမရှိဘူးလို့ ထည့်သွင်းကြေညာထားပါတယ်။
အခုလို အချေအတင်ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းနိုင်ဖို့ သတင်းမှန်ပြန်ကြားရေးနဲ့ လုပ်ငန်းခွင် ကျန်းမာရေးကြီးကြပ်မှုကော်မတီကို ဒီနေ့ဖွဲ့စည်းလိုက်ပါတယ်။ ဒီအဖွဲ့မှာ အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားကိုယ်စားလှယ်တွေပါဝင်ကြပါတယ်။
မြန်မာယန်စီကုမ္ပဏီဘက်ကလည်း ဒီကုမ္ပဏီအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ မရှိကြောင်း ဝန်ထမ်းအားလုံး မစိုးရိမ်ကြဖို့နဲ့ သတင်းအမှားတွေမဖြန့်ဖို့ မမှန်ကန်တဲ့ သတင်းတွေကို မယုံကြည်ကြဖို့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ထားပါတယ်။