၂၀၂၃ အတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး လေးရာနီးပါးသေဆုံး
2024.01.04

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီရဲ့လက်ချက်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ အမျိုးသမီး ၃၉၂ ဦး ရှိတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဇန်နဝါရီလ ၂ ရက် နေ့က ထုတ်ပြန်ပါတယ်။
BWU က ကောက်ယူထားတဲ့စာရင်းတွေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သေဆုံးခဲ့တဲ့ အမျိုးသမီး ၃၉၂ ဦးဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အများဆုံးဖြစ်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူတွေလည်းပါတယ်လို့ BWU က ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူ အမျိုးသမီး ၅၄၁ ဦးအထိ ရှိနေဆဲဖြစ်ပြီး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသမီးကတော့ ၃၁၈ ဦးရှိနေတယ်လို့ ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ရဲ့ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ နိုင်ငံတစ်ဝန်း သေဆုံးခဲ့ရတဲ့ အမျိုးသမီး ခုနစ်ရာကျော်ရှိပြီး ဖမ်းဆီးထိန်းသိမ်းခံရသူကတော့ ၃,၂၀၀ ကျော်ရှိနေတယ်လို့ ဆိုပါတယ်။