လူမှုကူညီရေးအသင်းတွေ ကူညီမှုတွေ ရပ်ဆိုင်းထား
2018.06.24
လိုင်စင်မဲ့မော်တော်ယာဉ်တွေကို နည်းမျိုးစုံနဲ့ ဖော်ထုတ်ဖမ်းဆီး အရေးယူမယ်ဆိုတဲ့ ကြေညာချက်ကြောင့် လူမှုကူညီရေးအသင်းတွေ အခက်တွေ့နေပြီး ကူညီမှုတွေကို ရပ်ဆိုင်းထားတယ်လို့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက လူမှုရေးအသင်း ဦးဆောင်သူတွေက ဒီနေ့ ပြောပါတယ်။
တရားမဝင်ကားတွေကို သိမ်းမယ်ဆိုရင် ကျေးလက်နေပြည်သူတွေကို ထိခိုက်နိုင်တယ်လို့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က သင်္ဂဟ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးကြည်မောင် က ပြောပါတယ်။
"ကျနော်တို့က မှတ်ပုံတင်ထားတဲ့ အသင်း ၅ သင်း စုပေါင်းပြီးတော့ မကွေးတိုင်းဝန်ကြီးချုပ်ဆီကို ကျနော့်မှာ စာမိတ္တူပါပါတယ်၊ ၁၉ ရက်နေ့က ကျနော်တို့ တင်ပြထားပါတယ်၊ အဲဒီလိုသာ တရားမဝင်ကားတွေကို သိမ်းမယ်ဆိုရင် ကျနော်တို့အသင်းတွေ ထိခိုက်တာထက် တကယ့်ကို ကျေးလတ်ဒေသက ဆင်းရဲနွမ်းပါးတဲ့ ဝေဒနာရှင်တွေ ထိခိုက်မှာဖြစ်တဲ့အတွက် သင့်တော်တဲ့နည်းလမ်းနဲ့ ပြည်သူတွေကို ကူညီစောင့်ရှောက်ပေးပါလို့ ကျနော်တို့က မေတ္တာရပ်ခံတင်ပြထားတယ်"
လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို နည်းမျိုးစုံနဲ့ ဖော်ထုတ်ဖမ်းဆီးအရေးယူမယ်ဆိုတဲ့ ကြေညာချက်တွေကို တိုင်းဒေသကြီးအချို့မှာ ထုတ်ပြန်တာတွေ ရှိနေပါတယ်။ လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့ နောက်ပိုင်းမှာ တွေ့ရှိခဲ့မယ် ဆိုရင် အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပေမယ့် ဘယ်လိုပုံစံမျိုးနဲ့ အရေးယူမလဲဆိုတာတော့ မပါရှိသေးဘူးလို့ ဆိုပါတယ်။
အဲဒီလိုထုတ်ပြန်ချက်တွေကြောင့် မန္တလေးမြို့က လူမှုကူညီရေးအသင်းအဖွဲ့အချို့က ကူညီပေးမှုတွေ ရပ်ဆိုင်း ထားသလို စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တစ်ချို့မှာလည်း အကူအညီတွေ ရပ်ဆိုင်ထားတယ်လို့ သိရပါတယ်။
ဆိပ်ဖြူမြို့နယ်မှာတော့ လူမှုကူညီရေးအသင်းအဖွဲ့တွေမှာ ကားအရေအတွက် စုစုပေါင်း ၄၄ စီးခန့်ရှိပေမယ့် ၆ စီးသာ လိုင်စင်ရှိပြီး အဲဒီ လိုင်စင်ရှိတဲ့ ယာဉ် ၆ စီးဟာ နိဗ္ဗာန်ယာဉ်လိုင်စင်တွေသာ ဖြစ်တယ်လို့ သိရပါတယ်။
လူမှုကူညီရေးအသင်းအဖွဲ့တွေ အသုံးပြုနေတဲ့ မော်တော်ယာဉ်အများစုဟာ လိုင်စင်မဲ့တွေ ဖြစ်ပါတယ်။