တပ်အရာရှိ ၄ ဦး အပါအဝင် တရားမဝင်ကား တင်သွင်းသူတွေကို အရေးယူ
2018.04.26
တပ်မတော် အရာရှိ ၄ ဦးအပါအဝင် အရပ်သား ၁၁ ဦးကို တရားမဝင်ကားတင်သွင်းတဲ့အတွက် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ နယ်မြေရဲစခန်းမှာ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ အရေးယူထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က ကျိုက်မရောမြို့နယ်အတွင်း လိုင်စင်မဲ့ကား ၁၁ စီးဖမ်းဆီးရမိခဲ့ရာမှာ တပ်မတော်သား အရှိ ၄ ဦး မောင်းနှင်လာတဲ့ကားတွေ ပါဝင်တယ်လို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့ဦးစီး ရဲမှူး မြင့်ဝင်းက ပြောပါတယ်။
"ကျနော်တို့ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွနယ်မြေရဲစခန်းမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က လိုင်စင်မဲ့ကား ၁၁ စီး ဖမ်းဆီးရမိပါတယ်။ ဖြစ်စဉ်မှာ အရပ်သားတွေမောင်းတဲ့ ကားက ၇ စီး၊ တပ်တော်သားတွေ မောင်းလာတာက ၄ စီး၊ သူတို့ကို ပို့ကုန်သွင်းကုန် ဥပဒေ ၈ နဲ့ အရေးယူထားတယ်"
အဲဒီလိုဖမ်းဆီးမိခဲ့တဲ့ သူတွေထဲမှာ ဗိုလ်ကြီးအဆင့်ရှိ တပ်မတော်သား အရာရှိ ၄ ဦးပါဝင်ပြီး သူတို့ကို ဖမ်းဆီးတဲ့နေ့ မှာပဲ အမှတ် ၂ လျှပ်စစ်နဲ့ စစ်မှုအင်ဂျင်နီယာတပ်ရင်းက တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးကို လွှဲပြောင်းပေးထားပြီး စစ်ဥပဒေနဲ့အရေးယူမလား အရပ်ဖက် တရားရုံးကို ပြန်လွှဲမလားဆိုတာ မသိရသေးဘူးလို့ ရဲမှူး မြင့်ဝင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က လိုင်စင်မဲ့ မော်တော်ယာဉ် ၁၁ စီးကို ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာက အတ္တရံတံတားပေါ်မှာ ဖမ်းဆီးခဲ့တာပါ။
ဒီလိုင်စင်မဲ့ တရားမဝင်ကားတွေကို ကရင်ပြည်နယ် မြဝတီမြို့ကနေ မွန်ပြည်နယ် မုဒုံမြို့ဘက်ကို မောင်းနှင်လာတဲ့ အချိန်မှာ ဖမ်းဆီးမိတာဖြစ်ပါတယ်။