ဘုန်းကြီးကျောင်းတိုက်မှာ လိုင်စင်မဲ့ကားတွေ တွေ့ရှိဖမ်းဆီး
2016.06.21

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်က ဘုန်းကြီးကျောင်းတိုက် ၂ တိုက်ဝင်းထဲမှာ လိုင်စင်မဲ့ကား ၃၆ စီးကို မနေ့က ဖမ်းဆီးရမိခဲ့ပြီး အဲဒီအမှုနဲ့ ပတ်သက်သူ ၂ ဦးကို အမှတ် ၁၁ နယ်မြေရဲစခန်းမှာ ဖမ်းဆီးအရေးယူ ထားပါတယ်။
အဲ့ဒီလိုင်စင်မဲ့ကားတွေရဲ့ အဓိကပိုင်ရှင်ဖြစ်သူဟာ မြဝတီဘက်ကဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိ ထားကြောင်း အမှတ် ၁၁ နယ်မြေ ရဲစခန်းမှူး ရဲအုပ်ဝင်းဘို က ပြောပါတယ်။
"ပိုင်တာကတော့ နောက်ကပိုင်ရှင်ရှိတယ်ပေါ့နော်၊ သူ့သားတစ်ယောက်ပါတယ်၊ နောက်တစ်ယောက်က အလုပ်သမားပေါ့နော်၊ အဲ့နှစ်ယောက် ဖမ်းမိတယ်၊ ပစ္စည်းပိုင်ရှင်အစစ်အမှန်ကတော့ မြဝတီဘက် က၊ မြဝတီကနေ ဒီဘက်ကိုပို့တာ၊ မြဝတီဘက်က ရဲစခန်းချင်းတော့ ချိတ်ဆက်ထားပါတယ်"
ချမ်းမြသာစည်မြို့နယ်၊ ချမ်းတောင်ရပ်ကွက်က အောင်မြေရွှေဘုံကျောင်းတိုက် သာသနာ့ဗိမာန် ကျောင်းဝင်း အတွင်းမှာ လိုင်စင်မဲ့ကား ၂၇ စီးနဲ့ နောက်ထပ် ၉ စီးကို သာသနာ့ရံသီ အတုလကာရီ ကျောင်းဝင်းအတွင်းက ကားဘော်ဒီပြုပြင်ရေးဆိုင်မှာ မနေ့က ဖမ်းမိခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလိုင်စင်မဲ့ကားတွေကို ကျောင်းဝင်းအတွင်းမှာ အရောင်းအဝယ်လုပ်နေတာ ၆ လလောက် ရှိနေပြီဖြစ်တယ် လို့လည်း ရဲအုပ်ဝင်းဘို က ပြောပါတယ်။
ဖမ်းမိတဲ့ ကားတွေထဲမှာ Saloon၊ Alphard၊ Super Custom နဲ့ Crown စတဲ့ ဇိမ်ခံကားတွေပါဝင်ပြီး စုစုပေါင်းတန်ဖိုးဟာ ခန့်မှန်း ငွေကျပ်သိန်း တစ်ထောင်ကျော် ရှိနိုင်ကြောင်းလည်း ခန့်မှန်းပြောဆို ပါတယ်။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ ဘုန်းကြီးကျောင်း၂ ခုကနေ လိုင်စင်မဲ့ကား ၃၆ စင်း တွေ့ရှိ ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး မန္တလေးမြို့က လူမှုရေး နဲ့ နိုင်ငံရေးလှုပ်ရှားသူ ဒေါ်အမာနီကို ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။