လိုင်စင်မဲ့မော်တော်ယာဉ်ပေါင်းစုံကို မြို့နယ်ကျော်ပြီး မောင်းခွင့်မပြု
2017.11.01
ကချင်ပြည်နယ်က လိုင်စင်မဲ့ မော်တော်ယာဉ်ပေါင်းစုံကို မြစ်ကြီးနားမြို့နယ်ထဲ ဝင်ရောက်ခွင့်နဲ့ မြစ်ကြီးနားမြို့နယ် ထဲကနေ တခြားမြို့နယ်တွေဘက် ထွက်ခွာမောင်းနှင်ခွင့်ကို ဒီနေ့ကစပြီး ခွင့်မပြုတော့ဘူးလို့ ပြည်နယ် မော်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူက ပြောပါတယ်။
မြစ်ကြီးနားမြို့အဝင်အထွက် ဂိတ်နှစ်ခုကနေ ဝင်ထွက်မောင်းနှင်မှုတွေကို စစ်ဆေးဆောင်ရွက်နေတယ်လို့ အမှတ် ၁၅ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး စိုးမင်း က ပြောပါတယ်။
"ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားတဲ့အတွက် လောလောဆယ်မှာတော့ ကျနော်တို့က မြို့နယ်ကျော်တွေ သွားလာခွင့်မပြုဘဲနဲ့ အားလုံးပြန်လွှတ်ပေးနေပါတယ်။ လောလောဆယ် ဖမ်းဆီးတာတော့ မရှိသေးပါဘူး။ ညွှန်ကြားချက်မပေးသေးပါဘူး။ ၃၁ ရက် ၁၀ လ အထိကို ပညာပေးကာလ အကုန်လုံး ကြေညာထားပြီး တာကြောင့် ၁ ရက် ၁၁ လ ၂၀၁၇ ခုနှစ်ကနေဆောင်ရွက်ဖို့ ညွှန်ကြားထားတာကြောင့် ကျနော်တို့ အခုစ ပြီးဆောင်ရွက်နေပါပြီခင်ဗျ။ ကျနော်တို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ရယ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရယ် ပူးပေါင်းအဖွဲ့ရယ် စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။ စစ်ဆေးပြီးတော့မှ လိုင်စင်မဲ့ကားဆို လာရာလမ်းအတိုင်းပြန်လွှတ်ပါတယ်။ မိုးညှင်းကလာတဲ့လူကို မိုးညှင်းဘက် ပြန်လွှတ်တယ်။ ဝိုင်းမော်ကလူကို ဝိုင်းမော်ဘက်ပြန်လွတ်တယ်။ မြစ်ကြီးနားကနေပြီးတော့ တခြားနေရာဘက်သွားမယ်ဆို ပြန်လွှတ်တယ်။ မြို့နယ်ကျော်မသွားဖို့အတွက် ပြန်လွှတ်တယ်။ ဒီလောက်ပဲ ရှိပါသေးတယ်"
မြစ်ကြီးနားမြို့အဝင်အထွက်ဂိတ်တွေဖြစ်တဲ့ ၂၁ မိုင် စုပေါင်းဂိတ်မှာ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ တနိုင်းစတဲ့ မြို့နယ်တွေဘက်ကနေ လိုင်စင်မဲ့ကားတွေကို မြစ်ကြီးနားမြို့ထဲဝင်ရောက်ခွင့်မပြုသလို၊ မြစ်ကြီးနားမြို့နယ်ထဲက လိုင်စင်မဲ့ကားတွေကိုလည်း ထွက်ခွင့်မပြုတာဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ဗလမင်းထင် စုပေါင်းဂိတ်ကနေလည်း ချီဖွေ၊ ဝိုင်းမော်၊ ဗန်းမော်၊ မံစီ၊ ရွေကူ စတဲ့ မြို့နယ်တွေ ဘက်ကနေ ဝင်ရောက်လာမှုနဲ့ မြစ်ကြီးနားမြို့နယ်ကနေ တခြားဒေသတွေဘက် ထွက်ခွာမှုတွေကို ခွင့်မပြုဘူးလို့ သိရပါတယ်။
လောလောဆယ်မှာ ဥပဒေအရ အရေးယူဖမ်းဆီးတာတွေ မရှိသေးကြောင်းနဲ့ ပြည်နယ်အစိုးရက ညွှန်ကြားတဲ့ အခြေအနေတွေအပေါ်မှာ ဆောင်ရွက်နေတာဖြစ်တယ်လို့ ရဲမှူးစိုးမင်းက ပြောပါတယ်။
တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကနေ ကချင်ပြည်နယ်ထဲ ဝင်ရောက်လာတဲ့ တရားမဝင် လိုင်စင်မဲ့ကားတွေကို စစ်ဆေးတွေ့ရှိရင်တော့ နန့်စီးအောင်နဲ့ ရွှေကူ စုပေါင်းဂိတ်တွေကနေ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ ဖမ်းဆီး အရေးယူဆောင်ရွက်နေပြီလို့ သိရပါတယ်။
ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဋ္ဌာနရဲ့ နောက်ဆုံးစာရင်းတွေအရ တစ်ပြည်နယ်လုံးမှာ လည်ပတ်အသုံးပြုနေတဲ့ မော်တော်ကား၊ ဆိုင်ကယ်နဲ့ ယာဉ်ယန္တရားစက်မျိုးစုံ စုစုပေါင်း တစ်သိန်းကျော် တရားဝင်လိုင်စင်ပြုလုပ်ပြီး မှတ်ပုံတင်ထားကြောင်း သိရပါတယ်။