ဝိုင်းမော်မြို့နယ်တိုက်ပွဲကြောင့် ဒေသခံ ၁၂၀ ကျော် ဆဒုံးမြို့ကိုထွက်ပြေး

2022.08.05
ဝိုင်းမော်မြို့နယ်တိုက်ပွဲကြောင့် ဒေသခံ ၁၂၀ ကျော် ဆဒုံးမြို့ကိုထွက်ပြေး ဝိုင်းမော်မြို့နယ်တိုက်ပွဲကြောင့် ဆဒုံးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြသူများကို ၂၀၂၂ ခုနှစ် သြဂုတ်လ ကတွေ့ရစဉ်
Photo: CJ

ကချင်ပြည်နယ် ဝိုင်းမော် - ကန်ပိုက်တီ လမ်းမပေါ်မှာရှိတဲ့ အင်ဝမ်ကောင်ကျေးရွာအနီးမှာ ဩဂုတ်လ ၂ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ ၁၂၀ ကျော်ဟာ ရွာနဲ့ ၁၆ မိုင်ခန့်ဝေးတဲ့ ဆဒုံးမြို နှစ်ခြင်းဘုရားကျောင်းကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“သူတို့ရွာမှာ တိုက်ပွဲဖြစ်လို့ ထွက်ပြေးလာရတာပေါ့။ သူတို့ရောက်လာတော့ အခက်အခဲ တွေလည်း ဖြစ်လာတယ်။ အစားအသောက်တွေ၊ ဆေးဝါးတွေ လိုအပ်နေတယ်။ စစ်ဘေးဒုက္ခသည်စခန်းလို ဖြစ်သွားပြီပေါ့။ ဒါပေမဲ့ ဒီတစ်ပတ်အတွင်းတော့ အခြေအနေကို စောင့်ကြည့်နေတယ်။ ဒီတစ်ပတ်အတွင်း နေရပ်ကို ပြန်လို့ ရမလား ဒါမှမဟုတ် အခြေအနေ ဆိုးနေသေးရင်တော့ ဒီမှာပဲ စစ်ဘေးဒုက္ခသည်စခန်းအဖြစ် လုပ်ရတော့မှာပေါ့”

လက်ရှိအချိန်မှာတော့ အင်ဝမ်ကောင်ကျေးရွာဘက်မှာ သေနတ်သံတွေ ကြားနေရဆဲ ဖြစ်သလို ကျေးရွာအနီးမှာ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေ ရှိနေသေးတာကြောင့် ဒေသခံတွေ အတွက် လုံခြုံမှုမရှိဘူးလို့ သူက ပြောပါတယ်။

ဝိုင်းမော် - ကန်ပိုက်တီလမ်းမှာလည်း နှစ်ဖက်တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေဆဲ ဖြစ်တာကြောင့် လူအသွားအလာ ပြတ်နေတယ်လို့လည်း ဆိုပါတယ်။

ဩဂုတ်လ ၂ ရက်နေ့ က ကေအိုင်အေ တပ်ရင်း (၃) နယ်မြေဖြစ်တဲ့ အင်ဝမ်ကောင် ကျေးရွာနားက စစ်ကောင်စီ တပ်စခန်းတစ်ခုကို ကေအိုင်အေက သွားရောက်တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KIO သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဩဂုတ်လ ၃ ရက်နေ့ကလည်း အင်အား ၅၀ ခန့်နဲ့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို ဝိုင်းမော် - ကန်ပိုက်တီလမ်း ဘွမ်တောင်ကျေးရွာအနီးမှာ KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဒုတပ်ရင်းမှူး ဇော်ရှိန်းငြိမ်းအပါ စစ်ကောင်စီ တပ်သား ၁၀ ဦးလောက် သေဆုံးခဲ့တယ်လို့ ကေအိုင်အေ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဒီအချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကေအိုင်အေ တပ်ရင်း (၃) နယ်မြေမှာ ဇူလိုင်လ ၁၆ ရက်နေ့ ကစလို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာကနေ တာမခံ၊ ဟောင်းပါးနဲ့ နတ်ရေတွင်း ကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံ ၄၀၀ ကျော်လည်း ဒီနေ့အထိ နေရပ်မပြန်နိုင်သေးဘူးလို့ ဆယ်ဇင်းဒေသခံ တစ်ဦးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။