ရန်ကုန် စည်ပင်ရွေးကောက်ပွဲ ရလဒ် ဧပြီ ၇ ရက်နေ့မတိုင်ခင် ကြေညာမည်


2019.03.27
ygn-downtown-622.jpg ရန်ကုန်မြို့ မြို့တော်ခန်းမ အနီးတဝိုက် မြင်ကွင်းကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ မဲရလဒ်တွေကို ဧပြီ ၇ ရက်နေ့ မတိုင်ခင်မှာ ကြေညာပေးမယ်လို့ စည်ပင်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောပါတယ်။

မြို့နယ်အလိုက်က ရလာတဲ့ မဲရလဒ်တွေကို စုံအောင်စောင့်ပြီး မဲရလဒ်တွေ ပေါင်းရမှာဖြစ်တဲ့အတွက် မဲရလဒ်ထုတ်ပြန်မယ့်နေ့ကို ရက်အတိအကျ မပြောနိုင်သေးပေမယ့် ဧပြီ ၇ ရက်မတိုင်ခင်မှာတော့ ထုတ်ပြန်ပေးသွားမယ်လို့ ဦးအောင်ခိုင်က ပြောပါတယ်။

စည်ပင်ရွေးကောက်ပွဲကို အခုလကုန် မတ်လ ၃၁ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး မဲဆန္ဒရှင်တွေအနေနဲ့ ရွေးကောက်ပွဲကျင်းပမယ့်နေ့ မနက် ၆ နာရီကနေ ညနေ ၄ နာရီအထိ သက်ဆိုင်ရာမဲရုံတွေမှာ မဲပေးနိုင်မှာဖြစ်ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းက သက်ဆိုင်ရာ မြို့နယ်တွေမှာ အနည်းဆုံး တစ်နှစ်နေထိုင်ခဲ့တဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းဟာ စည်ပင်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရမှာဖြစ်ပါတယ်။
ရန်ကုန်စည်ပင်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူဦးရေ ၃၄ သိန်းကျော်ရှိတယ်လို့ စည်ပင်ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။

မဲပေးမယ့် သူတွေဟာ မြို့တော်စည်ပင် ကော်မတီဝင်အတွက် မဲတစ်ပြားနဲ့ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင် (၁)၊ အဖွဲ့ဝင် (၂) တို့ အတွက် မဲ ၃ ပြား စုစုပေါင်း မဲလေးပြား ပေးရမှာဖြစ်ပါတယ်။

စည်ပင်ရွေးကောက်ပွဲမှာ ကော်မတီဝင် ခြောက် နေရာအတွက် ကိုယ်စားလှယ်လောင်း ၂၇ ယောက်က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မြို့နယ် စည်ပင်ဥက္ကဋ္ဌ ၃၃ နေရာအတွက် ကိုယ်စားလှယ်လောင်း အယောက် ၁၀၀၊ မြို့နယ်စည်ပင်သာယာအဖွဲ့ဝင် ၁ နေရာအတွက် ၇၄ ယောက်၊ မြို့နယ် စည်ပင်သာယာအဖွဲ့ဝင် ၂ နေရာအတွက် ကိုယ်စားလှယ်လောင်း ၇၂ ယောက် က ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

လက်ရှိမှာတော့ စည်ပင်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကစလို့ တစ်လတိတိ မဲဆွယ်ခွင့်ရထားတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင်ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။