စည်ပင်ရွေးကောက်ပွဲ ယှဉ်ပြိုင်ခဲ့တဲ့ ကိုအောင်ခန့်ကို NLD ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်


2019.04.06
aungkhant-622.jpg ရန်ကုန် စည်ပင်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုအောင်ခန့် ကို ၂ဝ၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ် မဲရုံအမှတ် ၂ မှာ တွေ့ရစဉ်
Photo: Zarni Htun/RFA

ရန်ကုန် စည်ပင်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုအောင်ခန့်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်ကြောင်း NLD ပါတီက ဒီနေ့ အကြောင်းကြားလာတယ်လို့ ကိုအောင်ခန့်က RFA ပြောပါတယ်။

မတ်လ ၁၉ ရက်နေ့ ရက်စွဲနဲ့ ပါတီတာဝန်များကို ရပ်ဆိုင်းခြင်းကိစ္စ ဆိုတဲ့ စာတစ်စောင် လူမှုကွန်ရက်မှာ ဒီနေ့မနက်က ပျံ့နှံ့ခဲ့ပြီး အဲဒီစာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်က ဦးအောင်ခန့် ကို ပါတီဝင်အဖြစ်က ထုတ်ပယ်လိုက်ကြောင်း၊ ၁၆ ရက်နေ့ မတ်လက ကျင်းပခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ အဲဒီစာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း လတ်မှတ်ရေးထိုး ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မသိရှိသေးကြောင်းနဲ့ ပါတီ စည်းကမ်းအရ ပါတီဝင်တွေအနေနဲ့ ကိုယ့်ပါတီက ရွေးထားတဲ့ ကိုယ်စားလှယ်လောင်းနဲ့ ယှဉ်ပြိုင်အရွေးခံရင်တော့ အဲဒီသူအနေနဲ့ ကိုယ်တိုင်နုတ်ထွက်ရင်ထွက် မထွက်ရင် ပါတီတာဝန်က ရပ်ဆိုင်းမယ်ဆိုတဲ့ စည်းမျဉ်းထုတ်ထားကြောင်း၊ ကိုအောင်ခန့်ကို ထုတ်ပယ်တဲ့ကိစ္စ ဟုတ်မဟုတ် အပေါ်မှာတော့ မသိရှိသေးတဲ့အတွက် အတည်မပြုနိုင်ကြောင်း ပြောပါတယ်။

ကိုအောင်ခန့်ဟာ စည်ပင်ရွေးကောက်ပွဲကို NLD ပါတီဝင်အဖြစ် ဝင်ပြိုင်ဖို့ စီစဉ်ခဲ့စဉ်က ကော်မရှင်က ရွေးကောက်ပွဲမှာ ပါတီပုံရိပ်သုံး မဲဆွယ်ခွင့်မရကြောင်း ပြောခဲ့တာကြောင့် တစ်သီးပုဂ္ဂလအဖြစ် ယှဉ်ပြိုင်ဖို့ စာရင်းတင်ခဲ့ပြီးနောက်ပိုင်းမှာ ရွေးကောက်ပွဲကော်မရှင်က ပါတီ တံဆိပ်သုံးပြီး မဲဆွယ်ခွင့်ကို စည်းမျဉ်း ပြောင်းလဲခဲ့ရာမှာ အခုလို ပဋိပက္ခဖြစ်ခဲ့တာလို့ သိရပါတယ်။

အခုလို ပါတီဝင်အဖြစ်က ထုတ်ပယ်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကိုအောင်ခန့်က NLD ပါတီက လူကြီးတွေ အားလုံးကို လေးစားကြောင်းနဲ့ စည်ပင်ရွေးကောက်ပွဲကို သူ့အနေနဲ့ တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ဖို့ စီစဉ်ကတည်းက ပါတီအနေနဲ့ အရေးယူတာမျိုး၊ မိမိသဘောအရ နုတ်ထွက်ခိုင်းတာမျိုး မလုပ်ခဲ့ဘဲ မတ်လ ၁၉ ရက်နေ့က  ရက်စွဲအဟောင်းနဲ့ အရေးယူထားတာကို ဒီနေ့မှ ပါတီဘက်က အကြောင်းကြားလာတဲ့အပေါ်မှာ စဉ်းစားစရာဖြစ်ကြောင်း RFA ကို ပြောပါတယ်။

ကိုအောင်ခန့်ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင် ဒေါ်ခင်ကြည်ဘက်က အမျိုးတော်စပ်သူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။