မဲစာရင်းထဲမပါသူတွေကို မဲထည့်ခွင့်ပြုသူတွေနဲ့ ဖိအားပေး ညှိနှိုင်းသူတွေကို ခုံရုံးဖဲ့ွစစ်မည်


2019.04.02
ycdc-poll-622.jpg ရန်ကုန်စည်ပင်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းကို ၂၀၁၉ မတ် ၃၁ ရက်နေ့က စမ်းချောင်းမြို့နယ် လင်းလွန်းမြောက်ရပ်ကွက်မှာ ကြေညာထားစဉ်
Photo: Thet Su Aung/RFA

ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲမှာ မဲစာရင်းထဲအမည်မပါသူတွေကို မဲထည့်ခွင့်ပြုခဲ့သူတွေနဲ့ မဲပေးခွင့် ရအောင် ဖိအားပေးညှိနှိုင်းခဲ့သူတွေကို ခုံရုံးဖွဲ့ စစ်ဆေးပြီး သက်ဆိုင်ရာဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင် က RFA ကို ဒီနေ့ ပြောပါတယ်။

မတ်လ ၃၁ ရက်နေ့ကကျင်းပခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲမှာ စမ်းချောင်းမြို့နယ် လင်းလွန်း(မြောက်) ရပ်ကွက်က မဲရုံ အမှတ် ၃ နဲ့ အမှတ် ၄ မှာ မဲစာရင်းထဲ မပါသူတွေထဲက ၃၂ ယောက်ကို စမ်းချောင်းမြို့နယ် လွှတ်တော် ကိုယ်စား လှယ်တွေ၊ လက်ရှိမြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ မဲပေးခွင့်ပြုခဲ့ပါတယ်။

အဲဒီလိုမဲပေးခွင့်ပြုခဲ့တဲ့အပေါ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတချို့က ကန့်ကွက်ခဲ့တာကြောင့် မဲစာရင်းထဲမပါတဲ့သူတွေကို မဲပေးခွင့်မပြုတော့ဘဲ ရပ်ဆိုင်းခဲ့ရပါတယ်။

ဥပဒေအရ ခွင့်မပြုပေးသင့်တဲ့ကိစ္စကို ခွင့်ပြုပေးခဲ့တဲ့အတွက် ဖြစ်စဉ်မှာ ပါဝင်တဲ့သူတွေအားလုံးကို ခုံရုံးဖွဲ့စစ်ဆေးပြီး ကော်မရှင်ဥပဒေနဲ့ အရေးယူလို့ရရင် ကော်မရှင်ဥပဒေနဲ့ အရေးယူမှာဖြစ်ပြီး ကော်မရှင်ဥပဒေနဲ့ အရေးယူမရရင် ပြစ်မှုဆိုင်ရာဥပဒေနဲ့ အရေးယူသွားမယ်လို့ စည်ပင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က RFA ကို ပြောပါတယ်။

အဲဒီကိစ္စဖြစ်ပွားခဲ့တဲ့ မဲရုံအမှတ် ၃ နဲ့ ၄ က မဲအရေအတွက် ၁၀၀ ကျော်ကို ပယ်မဲအဖြစ် သတ်မှတ်ခဲ့တယ်လို့လည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လင်းလွန်း(မြောက်)မဲရုံ အမှတ် ၃ နဲ့ အမှတ် ၄ မှာ တာဝန်ယူခဲ့တဲ့ ရပ်ကွက်ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကျော်စိုးနိုင်ကတော့ ခုံရုံးဖွဲ့စစ်မယ့်အကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင်က တရားဝင် အကြောင်းကြားလာတာ မရှိသေးကြောင်း၊ မဲစာရင်းထဲမပါပဲ မဲထည့်ခွင့်ပြုခဲ့တာနဲ့ ပတ်သက်လို့ လိမ်လည် ထည့်ခွင့်ပြုခဲ့တာ မဟုတ်တဲ့အတွက် ဥပဒေအတိုင်း တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ RFA ကို ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။