မြကန်သာ ဂေါက်ကွင်း ဒုံးနဲ့ပစ်ခတ်ခံရလို့ အမျိုးသမီးတစ်ဦး သေဆုံး

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ YCDC ရဲ့ မြကန်သာ ဂေါက်ကွင်းမှာ ဧပြီလ ၉ ရက် ဒီနေ့မနက်က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံခဲ့ရလို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဂေါက်ကွင်း ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ဒီနေ့မနက် ၇ နာရီလောက်က အဲဒီဂေါက်ကွင်း ကျင်းနံပါတ် ၁၈ မှာ ရှော့တိုက်ဒုံးလို့ ယူဆရတဲ့ လက်နက်တစ်ခု ကျရောက်ပေါက်ကွဲခဲ့ရာ ဂေါက်အိတ်သယ်ဝန်ထမ်း အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့တာလို့ ပြောပါတယ်။
"အဲဒါ မနက်က ဖြစ်သွားတာပါ။ ကယ်ဒီက အမျိုးသမီးတွေပဲရှိတာ၊ ဒီမှာ အမျိုးသား တော့ မရှိဘူး"
အသက် ၄၀ နှစ်ဝန်းကျင်ရှိတဲ့ ဂေါက်အိတ်သယ်ဝန်ထမ်း မနှင်းနွယ်ဦးဟာ အဲဒီပေါက်ကွဲမှု ကြောင့် ထိမှန်ခဲ့ပြီး မင်္ဂလာဒုံ ကုတင်တစ်ထောင် စစ်ဆေးရုံကို ပို့ဆောင်ပြီးနောက် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့အတွက် RFA က ရန်ကုန်မြို့တော် ဂေါက်ကွင်းရဲ့ အထွေထွေမန်နေဂျာကို ဆက်သွယ်ခဲ့ပေမယ့် မဖြေဆိုနိုင်ကြောင်း ပြောခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို ဘယ်သူ့ လက်ချက်လဲဆိုတာ ထုတ်ပြန်တာ မတွေ့ရသေးဘဲ စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်ချက်လည်း မတွေ့ရသေးပါဘူး။
အဲဒီအမျိုးသမီး သေဆုံးခဲ့တာနဲ့ပတ်သက်လို့ မြန်မာအပျော်တမ်း ဂေါက်သီးရိုက်အဖွဲ့ (MAGG) အဖွဲ့ဝင်တွေက ထောက်ပံ့လှူဒါန်းမယ်လို့လည်း လူမှုကွန်ရက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
မြကန်သာ ဂေါက်ကွင်းဟာ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာတည်ရှိပြီး ၁၁၂ ဧက အကျယ်ရှိကာ ၁၉၉၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ဂေါက်ကွင်းဖြစ်ပါတယ်။