ဝီကီလိခ် ပေါက်ကြားမှုနဲ့ မြန်မာ့နိုင်ငံရေး
2010.12.11

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကို ရန်ကုန်မြို့ အမေရိကန်သံရုံး၊ နိုင်ငံရေးနဲ့ စီးပွားရေးဌာန တာဝန်ခံ Leslie Hayden ၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၄ ရက် နေ့စွဲနဲ့ ပေးပို့တဲ့ ကြေးနန်းစာမှာ အဲဒီလို ဖော်ပြထားတာပါ။
၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ် တွေအတွင်းက လူထုအကြားမှာ နိုင်ငံရေး ပြန်လည်နိုးကြားပြီး ဒီမိုကရေစီလှုပ်ရှားမှု ပြန်လည် အားကောင်းလာအောင် ကြိုးပမ်းခဲ့ကြတဲ့ အင်အားစုတွေရဲ့ ဆွေးနွေးမှုတွေကို အဲဒီအချိန်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က “အန်ကယ်ကြီး” တွေဟာ အကြိမ်ကြိမ် ငြင်းဆန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အန်ကယ်ကြီးတွေ ဦးဆောင်မှုအောက်က NLD ပါတီဟာ အထက်အောက် ခွဲခြားမှု ကြီးမားပြီး တက်ကြွလွန်သူလို့ ယူဆသူတွေကို အဖွဲ့ဝင်အဖြစ်က ထုတ်ပယ်ပစ်လေ့ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့ပြင် ရွေးကောက်ခံ အမတ်အများစုဟာလည်း မြန်မာပြည်သူတွေရဲ့ လူမှုရေးစီးပွားရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု နည်းပါးကြတာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။
အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေဟာ သူတို့ရဲ့ အနာဂတ်အကျိုးစီးပွားနဲ့ ပတ်သက်လို့ စစ်အစိုးရဆီက ဘာမှ အာမ,ခံချက် မရရှိခဲ့သလို တချိန်တည်းမှာ NLD ပါတီဟာလည်း တိုင်းရင်းသားအဖွဲ့တွေရဲ့ ထောက်ခံမှု ရရှိအောင် ဆွေးနွေးနိုင်မယ့် အခွင့်အရေးကို အကြိမ်ကြိမ် လက်လွတ်ခံခဲ့ကြောင်း၊ အဲဒီ့အစား စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေး တခုတည်းကိုသာ တောင်းဆိုခဲ့ကြကြောင်း အဲဒီ ကြေးနန်းစာမှာ ဖော်ပြထားပါတယ်။
ဒါဟာ NLD နဲ့ တိုင်းရင်းသားတွေအကြား ပေါင်းစည်းမှု ဖြစ်ပေါ်မလာတဲ့ သဘာထား တင်းမာမှုတခုဖြစ်ပြီး ဒါကို တရုတ် အပါအဝင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေက သတိပြုမိကြကြောင်း၊ စစ်အစိုးရက ဒီအချက်ကို အခွင့်ကောင်းယူပြီး စစ်တပ်သာလျှင် တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်မယ့် တခုတည်းသော အင်အားဖြစ်တယ်ဆိုပြီး အိမ်နီးချင်းနိုင်ငံတွေကို နားဝင်အောင် စည်းရုံးနိုင်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
အဲဒီကြေးနန်းစာ ပေးပို့တဲ့အချိန်မှာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကုလ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီကတဆင့် တိုင်းရင်းသားအဖွဲ့တွေကို ကမ်းလှမ်းလိုက်တဲ့ သတင်းစကားတွေအရ ဒေါ် အောင်ဆန်းစုကြည်ဟာ ဒီအချက်ကို ကောင်းကောင်း နားလည် သဘောပေါက်တာတွေ့ရကြောင်း၊ မိမိတို့ တွေ့ဆုံ စကားပြောခဲ့တဲ့ တိုင်းရင်းသားအဖွဲ့တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်ကို ကြိုဆိုကြကြောင်း၊ ဒါပေမယ့် အပြင်မှာ ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီက ဒီကမ်းလှမ်းချက်ကို အကောင်အထည် မဖော်နိုင်ဘဲ တိုင်းရင်းသားခေါင်းဆောင်တွေ NLD ဌာနချုပ်ကို အလည်အပတ် လာရောက်ဖို့ ဖိတ်ခေါ်တာလောက်သာ လုပ်ဆောင်ခဲ့ကြောင်းလည်း ဒီလျှို့ဝှက်ကြေးနန်းစာမှာ ဖော်ပြထားပါတယ်။
WikiLeaks အဖွဲ့က ထုတ်ပြန်လိုက်တဲ့ အမေရိကန် သံတမန်ရေးရာ လျှို့ဝှက်ကြေးနန်းစာတွေမှာ ပါဝင်တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဦးသိန်းအောင်က စုစည်းတင်ပြထားပါတယ်။
![]() |
စုစည်းတင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |