မြန်မာဒုက္ခသည်တစ်ဦး သေဆုံးမှုအတွက် ကန် အောက်လွှတ်တော်မှာ တစ်မိနစ် ငြိမ်သက် ဂါရဝပြု
2025.02.13

[Updated: 12:30 PM, Feb 14 2025]
အမေရိကန်အစိုးရရဲ့ နိုင်ငံခြား အကူအညီတွေ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ချက်ရဲ့ သက်ရောက်မှုအနေနဲ့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည် တစ်ဦး သေဆုံးခဲ့တဲ့ဖြစ်ရပ်အတွက် အမေရိကန်အောက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာကော်မတီအစည်းအဝေးမှာ တစ်မိနစ် ငြိမ်သက်ပြီး ဂါရဝပြုခဲ့ကြပါတယ်။
မြန်မာနိုင်ငံကနေ ထွက်ပြေးလာပြီး ထိုင်း-မြန်မာနယ်စပ် အုန်းဖျန်ဒုက္ခသည်စခန်းမှာ အခြားဒုက္ခသည် တစ်သောင်းကျော်နဲ့အတူ နေထိုင်ခဲ့တဲ့ အသက် ၇၁ နှစ်အရွယ် အမျိုးသမီး ဒေါ်ဖိခလို့ဟာ ဆေးရုံမှာ အောက်ဆီဂျင်နဲ့ နေရသူတစ်ယောက်ဖြစ်ပြီး အမေရိကန်အစိုးရရဲ့ အကူအညီတွေ ဖြတ်တောက်လိုက်တဲ့အတွက် လိုအပ်တဲ့ အောက်စီဂျင်မရတော့ဘဲ ကွယ်လွန်သွားခဲ့ကြောင်း၊ ကယ်လီဖိုးနီးယားပြည်နယ် အောက်လွှတ်တော်အမတ် ဘရက်ဒ် ရှာမန်က ဖေဖော်ဝါရီလ ၁၃ ရက် နေ့မှာ ပြုလုပ်တဲ့ အောက်လွှတ်တော်အစည်းအဝေးမှာ ပြောသွားပါတယ်။
အနာဂတ်မှာ အမေရိကန်အစိုးရက မြန်မာဒုက္ခသည်တွေအတွက် ပေးနေတဲ့အကူအညီအချို့ကို ခြွင်းချက်အဖြစ် ပြန်ခွင့်ပြုပေးရင်တောင် ဒီအမျိုးသမီးကြီးရဲ့အသက်ကို ပြန်မရနိုင်တော့ဘူးလို့ အောက်လွှတ်တော် အမတ် ဘရက်ဒ် ရှာမန်က ပြောပြီး တစ်မိနစ်ငြိမ်သက် ဂါရဝပြုခဲ့ကြတာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရက အခုလို နိုင်ငံခြားအကူအညီတွေ ဆိုင်းငံ့ထားတာနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ အမေရိကန်နိုင်ငံခြားရေးဌာနကို RFA က အီးမေးလ်ကတဆင့် ဆက်သွယ်မေးမြန်းရာမှာ … နိုင်ငံတကာအကူအညီတွေအပေါ် အမေရိကန်အကျိုးစီးပွားနဲ့ ကိုက်ညီမှု ရှိ၊ မရှိ ပြန်သုံးသပ်ဖို့ လိုအပ်ကြောင်း၊ ဒါပေမယ့် အသက်ကယ်ဆယ်ရေး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကိုတော့ ခွင့်ပြုထားဆဲဖြစ်ကြောင်း ပြောပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံခြား အကူအညီတွေ ဆိုင်းငံ့ထားဖို့အမိန့်ကြောင့် ထိုင်းမြန်မာနယ်စပ်က အုန်းဖျန်ဒုက္ခသည်စခန်းမှာ အမေရိကန်နိုင်ငံရဲ့ အကူအညီနဲ့ ဖွင့်လှစ်ထားတဲ့ ဆေးရုံပိတ်သိမ်းလိုက်ရပြီး ဆေးရုံကပေးတဲ့ အောက်စီဂျင်နဲ့နေရတဲ့ ဒုက္ခသည် ဒေါ်ဖိခလို့ဟာ ဆေးရုံကဆင်းလာပြီးနောက် ကွယ်လွန်သွားတဲ့အကြောင်း ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
(မှတ်ချက်။ အမေရိကန်နိုင်ငံခြားရေးဌာန၏ တုံ့ပြန်ချက်ကို ဖြည့်စွက်ဖော်ပြထားပါသည်။)