ဝက်လက်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦး ပစ်သတ်ခံရ
2023.04.04

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးပြီး ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ G.Z အထူးတပ်ဖွဲ့ တာဝန်ရှိသူ ကိုဂျီဇက်က RFA ကို ပြောပါတယ်။
အသတ်ခံရသူ ခုနစ်ဦးဟာ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် စိုင်နိုင်လေးရွာအနီး ဧပြီလ ၄ ရက်နေ့ မနက် ၆ နာရီလောက်က ရင်းတောကျေးရွာ ဒေသခံငါးဦးကို စစ်ကောင်စီတပ်တွေက ဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးထားတာကို ကယ်ဖို့အတွက် ကြိုးစားချိန်မှာ ပစ်ခံရပြီး ဖမ်းဆီးပစ်သတ်ခံရတာလို့ ပြောပါတယ်။
လက်နက်နဲ့ လူအင်အား မမျှတတာကြောင့် အပြန်အလှန်ပစ်ခတ်ချိန် ခြေထောက်တွေကို ထိမှန်သွားပြီး အသတ်ခံရလိုက်တာလို့ ကိုဂျီဇက်က ဆိုပါတယ်။ ဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးခံထားရသူ ငါးဦးကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။
အသတ်ခံရသူတွေထဲမှာ G.Z အထူးတပ်ဖွဲ့က နှစ်ဦးပါဝင်ပြီး ကျန်တဲ့ ငါးဦးကတော့ အခြားမဟာမိတ် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။
ပစ်သတ်သွားတဲ့ စစ်ကောင်စီတပ်ကတော့ စိုင်နိုင်တိုက်နယ်ကို စစ်ကြောင်းထိုးလာတဲ့ ခမရ ၃၆၄ နဲ့ တပ်မ ၃၃ တို့ ဖြစ်တယ်လို့ ပြောပါတယ်။
ဝက်လက်မြို့နယ် တိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA ဝါရှင်တန်ဒီစီရုံးချုပ်က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဧပြီလ ၄ ရက်နေ့အထိ သေဆုံးသူ ၃,၂၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။