မင်းပြားနဲ့ ပေါက်တောမှာ လက်နက်ကြီးကြောင့် ခြောက်ဦး ဒဏ်ရာရ
2023.11.30

ရခိုင်ပြည်နယ် မင်းပြားနဲ့ ပေါက်တောမြို့နယ်တွေမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် နိုဝင်ဘာလ ၂၉ ရက် တစ်ရက်တည်းမှာပဲ ကလေးငယ်တွေ အပါဝင် အရပ်သား ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းပြားမြို့နယ် အိုးပုံတောင်ရွာက အသက် (၁) နှစ်ကျော်အရွယ် မောင်မင်းသိန်းဇံ၊ အသက် (၁၅ )နှစ်အရွယ် မယုမွန်အေး၊ အသက် (၂၀) အရွယ် မခင်မြင့်သန်း၊ အသက် (၃၇) နှစ်အရွယ် ဒေါ်ရီရီအေးတို့ ဒဏ်ရာရခဲ့တာပါ။
ပေါက်တော်မြို့နယ် မင်းဘာရွာမှာတော့ အသက် (၅၀) အရွယ် ဦးသိန်းထွန်းနဲ့ အသက် (၂၂) အရွယ် ထွီးမေသန်းတို့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရပ်ရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပေါက်တောမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
“ရေတပ်က ပစ်တာပါ။ အခုနားကလည်း ရွာတွေကို လှန်းပစ်တယ်။ မင်းဘာနဲ့ အဝကန်ကို ကျပါတယ်။ လက်နက်ကြီးကျည်က လူနေအိမ်ကို တစ်ခါတည်းလာကျတာပါ။ မနေ့က ညပစ်တာက ကျွန်တော် သိသလောက်ရွာထဲကို ၂ လုံးကျတယ်။ ရွာပြင်ကိုလည်း တစ်လုံးကျတယ်”
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်ကောင်စီကတော့ တပ်မတော်အနေနဲ့ ပြည်သူတွေနေထိုင်တဲ့ နေရာတွေကို မည်သည့်အခါမှ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုးမရှိဘူးလို့ နိုဝင်ဘာလ ၃၀ ရက် ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ရေးသားဖော်ပြပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းအရ ရခိုင်ပြည်နယ်မှာ တိုက်ပွဲစတင်တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ နိုဝင်ဘာ ၃၀ ရက် ဒီနေ့အထိ အရပ်သား ၁၇ ဦး သေဆုံးခဲ့ပြီး ၆၈ ဦး ဒဏ်ရာရခဲ့ပြီ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလကုန်အထိ ၁၀ လ အတွင်းမှာတော့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် မြန်မာနိုင်ငံ ဒေသအနှံ့အပြားက အရပ်သား ၅၃၄ ယောက် သေဆုံးပြီး ၁၀၆၄ ယောက် ဒဏ်ရာရခဲ့တာကို RFA က လေ့လာတွေ့ရှိရပါတယ်။