ရသေ့တောင်မှာ လက်နက်ကြီးကြောင့် အရပ်သား လေးဦးဒဏ်ရာရ
2024.03.27
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မိုးစဲကျွန်းပေါ်က ညောင်ပင်ကြီးရွာကို မတ်လ ၂၅ ရက် နေ့လယ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ ညောင်ပင်းကြီးရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒဏ်ရာရတဲ့ လူလေးယောက်ထဲက နှစ်ယောက်ကတော့ စိုးရိမ်ရလို့ တခြားတစ်နေရာကိုခေါ်သွားပြီး ဆေးကုနေရတယ်။ လူနေအိမ် ခြောက်အိမ်၊ ခုနစ်အိမ်လောက် ပျက်စီးသွားတယ်”
ဒဏ်ရာသူတွေဟာ အသက် ၁၆ နှစ်အရွယ် မောင်နေမျိုးဝင်း၊ အသက် ၃၅ နှစ်အရွယ် ဦးဦးကျော်မြင့်၊ အသက် ၄၅ နှစ်အရွယ် ဒေါ်ရွှေနုစိန်နဲ့ ဒေါ်မြသန်းနုတို့ဖြစ်ပါတယ်။
အဲဒီထဲက မောင်နေမျိုးဝင်းနဲ့ ဒေါ်ရွှေနုစိန်တို့ နှစ်ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။
ဒီလက်နက်ကြီးကျည်ကို စစ်တွေမြို့နယ် ပါတလိတ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တယ်လို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒါနဲ့ပတ်သက်လို့ ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံမဖြေဆိုပါဘူး။
RFA ရဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်စစ်ပွဲ စတင်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်အထိ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေမြှုပ်မိုင်းတွေကြောင့် အရပ်သား နှစ်ရာနီးပါး သေဆုံးခဲ့ပြီး ငါးရာဝန်းကျင် ဒဏ်ရာရရှိခဲ့ပါတယ်။