ဖားကန့်မှာ လက်နက်ကြီးကြောင့် ကလေးသုံးဦး အပါအ၀င် လေးဦးဒဏ်ရာရ

RFA Burmese
2024.05.05
ဖားကန့်မှာ လက်နက်ကြီးကြောင့် ကလေးသုံးဦး အပါအ၀င် လေးဦးဒဏ်ရာရ ဖားကန့်မြို့ ဆိုင်းတောင်ရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်သဖြင့် ပျက်စီးခဲ့သည့် နေအိမ်အား ၂၀၂၄ ခုနှစ်၊ မေလ ၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်ရွာမှာ မေလ ၄ ရက်နေ့က စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးသုံးဦး အပါအ၀င် လေးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်ဗျူဟာကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်လေးလုံးထဲက နှစ်လုံးဟာ လူနေရပ်ကွက်ထဲ ကျရောက်ခဲ့ပြီး စံပညာမွန် ကိုယ်ပိုင်ထက်တန်းကျောင်းက ကလေးသုံးဦးနဲ့ အမျိုးသားတစ်ဦးဒဏ်ရာရပြီး နေအိမ်တစ်လုံးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအထဲက အမျိုးသားတစ်ဦးကတော့ စိုးရိမ်ရတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ထိခိုက်ဒဏ်ရာသူတွေကို မနေ့ကတည်းက ဆေးရုံပို့လိုက်တယ်။ အဲဒီအထဲက တစ်ဦးကတော့ တော်တော်စိုးရိမ်ရတယ်။ နေ့လယ်လောက် အခြေအနေဘယ်လိုရှိလဲ သွားကြည့်ရမယ်။ နေအိမ်အသစ်ကြီး RC တိုက်တစ်လုံးလည်း ပျက်စီးသွားတယ်”

ဆိုင်းတောင်မှာရှိတဲ့ ရဲစခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KPDF) က ဒရုန်းနဲ့တိုက်ခဲ့ပြီးနောက် ဖားကန့်ဗျူဟာကုန်းကနေ ဆိုင်းတောင်ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မေလ ၂ ရက်နေ့ကလည်း ဆိုင်းတောင်ရွာအုပ်စု ဆိပ်မူရွာမှာဖြစ်ခဲ့တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲအတွင်း ဒေသခံနှစ်ဦး သေဆုံးခဲ့တယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။