ကျောက်မဲနဲ့ နောင်ချိုက တိုက်ပွဲလေးရက်အတွင်း အရပ်သား ၁၅ ဦးသေဆုံး

RFA Burmese
2024.07.23
ကျောက်မဲနဲ့ နောင်ချိုက တိုက်ပွဲလေးရက်အတွင်း အရပ်သား ၁၅ ဦးသေဆုံး ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးသူ တစ်ဦးအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းက တွေ့ရစဉ်။
SLF/TNLA Photo

ရှမ်းပြည်နယ် ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဇူလိုင်လ ၁၉ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ လေးရက်အတွင်း အရပ်သား ၁၅ ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ဇူလိုင်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၂၂ ရက် မနေ့က နောင်ချိုမြို့နယ် ရှောက်ခြုံရွာ၊ ကန်ကြီးရွာနဲ့ နောင်ချိုမြို့ ရွှေပြည်ညွန့်လမ်းအနီးတို့ကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့ တစ်ရက်တည်းမှာပဲ ကျောက်မဲမြို့နယ် နမ့်ဟူးတောင်း (အထက်) ရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA က ပြောပါတယ်။

ဒီအပြင် ကျောက်မဲမြို့နဲ့ အနီးတစ်၀ိုက်မှာလည်း ဇူလိုင်လ ၁၉၊ ၂၀၊ ၂၁ ရက်နေ့တွေမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာနဲ့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ၁၂ ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်း စာသင်ကျောင်း တစ်ကျောင်း အပါအဝင် နေအိမ်အဆောက်အုံ ကိုးလုံး ထိခိုက်ပျက်စီးတယ်လို့ ဆိုပါတယ်။

ဒီအခြေအအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက် တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမရှိဘူးလို့ စစ်ကောင်စီက အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကနေ ဇူလိုင်လ ၂၂ ရက်နေ့အထိ တစ်လနီးပါးအတွင်းမှာတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၀၉ ဦးသေဆုံးပြီး ၁၃၆ ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။