လက်နက်ကြီးကြောင့် ဘုတလင်မှာ အရပ်သားတစ်ဦးသေ၊ သုံးဦး ဒဏ်ရာရ

RFA Burmese
2023.04.08
လက်နက်ကြီးကြောင့် ဘုတလင်မှာ အရပ်သားတစ်ဦးသေ၊ သုံးဦး ဒဏ်ရာရ စစ်ကောင်စီစစ်ကြောင်းများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြသည့် ဘုတလင်မြို့ ဒန်းတိုင်ကျေးရွာမှ ဒေသခံတချို့အား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ဒန်းတိုင်ကျေးရွာမှာ ဧပြီလ ၅ ရက် မနက် ၄ နာရီ ဝန်းကျင်အချိန်က စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသားတစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၂၈ နှစ်ဝန်းကျင် ကိုမင်းအေးဖြစ်ပါတယ်။ အသက် ၃၅ နှစ်ဝန်းကျင် ကိုငွေလင်းဆန်း၊ အသက် ၂၉ နှစ်ဝန်းကျင် မဌေးမာဝင်းနဲ့ အသက် ကိုးနှစ်အရွယ် ၎င်းရဲ့ သမီးဖြစ်သူတို့ ဒဏ်ရာ ရခဲ့တာပါ။

စစ်ကြောင်းဝင်လာတာကြောင့် ကျေးရွာဒေသခံတွေထွက်ပြေးဖို့ ကြိုးစားချိန် ဒန်းတိုင် ကျေးရွာ အနောက်ဘက်မလှမ်းမကမ်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သားတွေ သေဆုံး၊ ထိခိုက်ခဲ့ တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းထိုးလို့ ရှောင်ရင်းနဲ့မှ လက်နက်ကြီးကျည်ကျတာ။ ရွာထဲမှာတော့ မဟုတ်ဘူး။ ရွာအနောက်ဘက် ယာခင်းတစ်ခင်းစာလောက်မှာထိတာဗျ။ ကိုမင်းအေးက ခေါင်းနောက်ခြမ်းကွဲသွားတာ။ ကိုငွေလင်းဆန်းက ရင်ဘတ်ပြတ်ရှ ဒဏ်ရာရတာပေါ့။ မဌေးမာဝင်းက ပေါင်ကိုထိတာ။ သူ့သမီးလေးလည်း ဒဏ်ရာရတယ်။ စိုးရိမ်စရာတော့ မရှိဘူး”

ဘုတလင်မြို့မရဲစခန်းကထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ဒန်းတိုင်ရွာထဲ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်စီးနင်းခဲ့တာလို့ သူက ပြောပါတယ်။ ဒီ့အပြင် စစ်ကောင်စီတပ်က ဒန်းတိုင်ရွာက အမျိုးသားလေးဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၃၀ ကနေ ၄၀ ဝန်းကျင်ရှိတဲ့ ကိုကျော်ဇင်ဝင်း၊ ကိုမြင့်သိန်း၊ ကိုအောင်ဇော်နဲ့ ကိုညွန့်လင်းတို့ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

အိမ်ထောင်စု ၁၇၀ ဝန်းကျင်ရှိတဲ့ ဒန်းတိုင်ကျေးရွာက ဒေသခံ ၅၀၀ ဝန်းကျင်ကတော့ လက်ရှိမှာ ကျေးရွာထဲကို ပြန်လည်ဝင်ရောက်နေထိုင်နေပြီလို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့အထိ ဒီမိုကရေစီရေးလှုပ်ရှားသူ တွေအပါအဝင် ပြည်သူ ၃၂၂၅ ဦး သေဆုံးခဲ့ပြီး ၁၇,၃၉၇ ဦး ဖမ်းဆီးခံထားရပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။