ဖာပွန်မှာ လက်နက်ကြီးကြောင့် တစ်ဦးသေ၊ ကလေးနှစ်ဦးအပါအဝင် လေးဦးဒဏ်ရာရ
2023.04.03

KNU တပ်မဟာ (၅) နယ်မြေ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ် ထီးသဘလူထာအုပ်စု၊ ဖွေးထော်ရူရွာကို ဧပြီလ ၁ ရက်ညပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ KNU မူတြော်သတင်းစဉ်က ဧပြီ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
မထောအခြေစိုက် စစ်ကောင်စီတပ်စခန်းဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်နှစ်လုံး နေအိမ်ထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၇၂ နှစ်အရွယ် နော်ဆွေသန်း ဦးခေါင်းထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၃၅ နှစ်အရွယ် စောသန်းဝင်း၊ အသက် ၂၉ နှစ်ရွယ် နော်မူဆာနော၊ အသက် ငါးနှစ် အရွယ် စောဖလယ်စေးနဲ့ အသက်နှစ်လအရွယ် နော်ဟဲညောဖိုးတို့ကတော့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရ စီးပွားရေး ဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေကြားတာ မရှိပါဘူး။
ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) တာဝန်ခံ ကိုစောနန္ဒဆူးကတော့ စစ်ကောင်စီတပ် အနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ လူ့အခွင့်အရေးထဲက အခြေခံ အကျဆုံးဖြစ်တဲ့ အသက် ရှင်သန်ခွင့်ကို ခြိမ်းခြောက်နေတာဖြစ်လို့ မလုပ်သင့်ဘူးလို့ ပြောပါတယ်။
ကရင်ပြည်နယ်က ဒေသခံတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေ့စဉ် အကြောက်တရားနဲ့ နေထိုင်ကြရတယ်လို့ စစ်ဘေးဒုက္ခသည် အကူအညီပေးနေ သူတွေက ပြောပါတယ်။
ကရင်အမျိုးသားအစည်အရုံး (KNU) လူ့အခွင့်အရေးကော်မတီ၊ သုတေသနနဲ့ မှတ်တမ်းဌာနခွဲရဲ့ မတ်လ ၂၇ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းနှစ်နှစ်အတွင်း လက်နက်ကြီးကြောင့် အရပ်သား ၁၂၀ ဦး သေဆုံးခဲ့ပါတယ်။