ကျိုက်မရောမှာ လက်နက်ကြီးကြောင့် ကလေးနှစ်ဦးသေဆုံး
2023.11.12

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပေါလောကုန်းရွာမှာ နိုဝင်ဘာလ ၁၂ ရက် ဒီကနေ့ နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ ပေါလောကုန်းရွာမှာ နေထိုင်တဲ့ အသက် ခုနစ်နှစ်ခွဲနဲ့ အသက် ရှစ်နှစ်ခွဲဝန်းကျင် မိန်းကလေးနှစ်ဦးဖြစ်ပြီး နေအိမ်ထဲ လက်နက်ကြီးကျည် ကျခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျိုက်မရော ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“နေ့လယ်က ဖြစ်သွားတာ။ ကလေးတစ်ယောက် ခန္ဓာကိုယ် ကြေသွားတယ်။ နောက်တစ်ဦးကတော့ ဟိုဘက် ဒီဘက် ပေါက်ထွက်သွားတာ”
ဘယ်အဖွဲ့ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ဆိုတာကိုတော့ သေချာမသိရသေးဘူးလို့ ဆိုပါတယ်။
ပေါလောကုန်းရွာအနီးမှာ စစ်ကောင်စီတပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှု လုပ်ခဲ့သလို မြေပြင်ကနေ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၁၁ ရက်မနေ့ကလည်း ပေါလောကုန်းရွာအနီးက ချောင်းနှစ်ခွရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခဲ့လို့ နေအိမ်တစ်လုံး ပျက်စီးခဲ့ပြီး ဒီနေ့ မနက်ပိုင်း လေကြောင်း တိုက်ခိုက်မှုကြောင့်လည်း ချောင်းနှစ်ခွရွာမှာ ပျက်စီးမှု များပြားနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ချောင်းနှစ်ခွရွာခံ တစ်ဦးကတော့ နိုဝင်ဘာလ ၁၂ ရက်မနက်ပိုင်းမှာ ရွာလုံးကျွတ် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ (PDF) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ပြင်းထန်နေတယ်လို့ RFA ကို ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရ သယံဇာတရေးရာဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာသေဆုံးတဲ့ အရပ်သား ၄၁၈၀ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။