ဘားအံမြို့အနီးက အရောင်ပြောင်းတဲ့ရေအတွက် အစိုးရ ထပ်မံ အာမခံ
2020.12.28
ကရင်ပြည်နယ်၊ ဘားအံမြို့အနီး သံလွင်မြစ်အနောက်ဘက်မှာ ဖြစ်ပေါ်နေတဲ့ ရေအရောင် ပြောင်းလဲမှု ပြဿနာဟာ ကျောက်မီးသွေးနဲ့ ဆက်စပ်မှုမရှိတဲ့အပြင် အဲဒီရေဟာ သောက်သုံးဖို့ သင့်တော်တယ်လို့လည်း ကရင်ပြည်နယ်အစိုးရက ပြောပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့အနီး သံလွင်မြစ်အနောက်ဘက်က ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကနေ အခုထိ ဖြစ်ပေါ်နေတဲ့ ရေအရောင် ပြောင်းလဲမှု ပြဿနာဟာ ကျောက်မီးသွေးနဲ့ ဆက်စပ်မှုမရှိဘဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သတ်မှတ်ချက်နဲ့ အညီ ဓာတုဖွဲ့စည်းမှုအရ သောက်သုံးလို့ရတယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ဒီဇင်ဘာ ၂၆ ရက်နေ့ ကော့ပတိုင်ကျေးရွာ အ.လ.က ကျောင်းမှာ လူထုနှင့် သတင်းမီဒီယာသမားတွေကို ရှင်းလင်း ပြောကြားသွားပါတယ်။
“ဆန်းစစ်ချက်တွေအရ ကျောက်မီးသွေးနဲ့ စပ်ဆက်မှု မရှိဘူးဆိုတဲ့ အဖြေကိုထွက်လာတယ်။ အခုပါဝင်တဲ့ ဓာတုဖွဲ့စည်းမှုအရလည်း သောက်သုံးရေရော၊ သောက်ရေရော၊ သုံးရေရော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သတ်မှတ်အဆင့်နဲ့လည်း ညီတယ်”
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ကလည်း ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် ကိုယ်တိုင် ဒီဒေသက ရေကို သောက်သုံးပြခဲ့ပါသေးတယ်။
အဲဒီရေတွေကို ဆန်းစစ်ချက်အရ သောက်သုံးလို့ရတယ်လို့ ပြည်နယ်အစိုးရက ထပ်မံ အတည်ပြု ပြောဆိုပေမယ့် ရွာသူရွာသားတွေက သောက်သုံးဖို့ မဝံ့မရဲ ရှိနေတုန်းပါ။
ရေတွင်းမှာ ချထားတဲ့ ရေမော်တာတွေရဲ့ ကော်ပိုက်အစိမ်းတွေမှာ ညိုမည်းမည်း မီးသွေးအရောင်တွေ ကပ်နေပြီး အဲဒီတွင်းရေကို ရေသန့်တိုင်းကိရိယာနဲ့ မိမိကိုယ်တိုင် တိုင်းတာကြည့်တဲ့အခါ မသောက်သုံးရဲသေးဘူးလို့ ငှက်ပျောတော ကျေးရွာမှ ဦးနေရှင်က RFA ကို ပြောပါတယ်။
“ဘာဖြစ်လဲဆို အဲဒီရေမြှုပ်မော်တာရဲ့ ပိုက်ပါမဲတယ်ဆိုတော့ မသောက်ရဲ မသုံးရဲဘူးပေါ့။ အဲဒီကော်ပိုက် အစိမ်းကို မဲတာ။ ရေတွင်းက ရေသန့်တိုင်းတဲ့ဟာနဲ့ တိုင်းလိုက်ရင် ၃၀၀ ကျော် ၄၀၀ ကျော်အထိ တက်တယ်။ ဒါကြောင့် မသုံးရဲတာ။ ရွာသားတွေကတော့ ဘယ်လိုပြောကြမလဲ သူတို့ဖြစ်ချင်တာကတော့ အဲဒီ ရေကိစ္စကို အရင်တုန်းကလိုမျိုး ပြန်သုံးလို့ရအောင် ပြန်ကောင်းအောင်ပေါ့လေ အဲလိုချည်းပဲ လိုချင်ကြတယ်”
အလားတူ ဌာနေဒေသခံ တချို့က ရေကို မဝယ်သုံးနိုင်တဲ့ သူတွေက အဲဒီရေကိုပဲ သုံးနေတဲ့ သူတွေလည်းရှိပြီး အများစုက သောက်ရေ သုံးရေတွေကို ဝယ်ယူနေကြရပါတယ်။
ဒေသခံတွေက ရေကို ဝယ်သုံးဖို့ဆိုတာ ဝင်ငွေအကန့်အသတ်ပဲ ရှိကြတာကြောင့် တွင်းရေတွေမှာ အရင်မူလအတိုင်း သောက်သုံးလို့ရအောင် ပြန်လည်လုပ်ပေးစေချင်တယ်လို့ နတ်ကုန်းကျေးရွာမှာ နေထိုင်တဲ့ နန်းကြည်ဌေးက ပြောပါတယ်။
“အားလုံးက ရေတွေကို ဝယ်သုံးရတာပေါ့။ အချို့မိသားစုတွေက ထိုင်းနိုင်ငံမှာ သူတို့ကလေးတွေ အလုပ်သွားကြတော့ ရေးဝယ်သုံးနိုင်ပေမယ့် အချို့ မရှိကြတဲ့ သူတွေကတော့ ရေဝယ်ဖို့ သီးသန့် ငွေစုကြရတယ်လေ။ အားလုံးတော့ မဝယ်သုံးနိုင်ကြပါတယ်ဘူး။ အစ်မတောင် အမြဲမဝယ်သုံးနိုင်တာလည်း ရှိတယ်။ အကြီးအကဲ လူကြီးတွေကို ပြောချင်တာကတော့ ရေကိစ္စကို အားလုံးပြန်သုံးလို့ရအောင် ကူညီလုပ်ဆောင် ပေးစေချင်ပါတယ်။ ရွာက ကလေးငယ်တွေ ဒီရေသောက်မိမှာစိုးလို့ ဟေးကလေးတွေ အဲရေ မသောက်ကြနဲ့ ကျမတို့ ရေသန့်တွေကိုပဲ ပြေးပြီး ပေးသောက်ရတယ်လေ။ နောက်အရင်တုန်းကဆို ကလေးတွေ ဒီရေတွေကို သောက်မိလို့ အဆုတ်ပွဖြစ်ကြတွေလည်းရှိတယ်”
ရေအရောင် ပြောင်းသွားတဲ့ ကိစ္စရပ်မှာ ကျောက်မီးသွေးနဲ့ မသက်ဆိုင်တဲ့အကြောင်း ဝန်ကြီးတွေ လာရောက်ပြောကြားတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပေမယ့် ဒေသခံတွေရဲ့ ကျန်းမာရေး အသိစိတ်တွေ ရှိလာဖို့အတွက် သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေအနေနဲ့ လာရောက်ကွင်းဆင်း ပညာပေးဖို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး အဖွဲ့ဝင်လည်းဖြစ် ပြည်သူ့လွှတ်တော် အမတ်ဟောင်းလည်းဖြစ်တဲ့ နန်းစေးအွာက ရှင်းလင်းပွဲမှာ တက်ရောက် အကြံပြုတောင်းဆိုပါတယ်။
“ရွာသားတွေရဲ့အသိစိတ်ကတော့ ၂၀၁၉ မှာမှ ဒီလိုဖြစ်လာတဲ့အတွက် သူတို့ရဲ့စိတ်ထဲမှာက ဒီရေတွေဟာ သောက်လို့ရတယ်ဆိုတာကို သူတို့က လက်မခံနိုင်ဘူး။ ပြီးတော့ သူတို့ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာကိုလည်း ဒီရေကြောင့် ဖြစ်တယ်လို့ပဲ သူတို့ယူဆကြတယ်။ ဒါကြောင့် ကျမအနေနဲ့ သက်ဆိုင်ရာဝန်ကြီး အစိုးရတွေကို ပြောချင်တာကတော့ သူတို့အတွက်ကိုတော့ ကျန်းမာရေးအသိ ပညာရေးအသိ ပိုပြီးရှိစေဖို့အတွက် သက်ဆိုင်ရာ ကျန်းမာရေးဌာနက ဒီမှာ ၂ လ တစ်ခါ တစ်လ တစ်ခါပဲဖြစ်ဖြစ်ပေါ့နော် သူတို့ကို အမြဲတမ်း ပညာပေးအနေနဲ့ များများလေး လုပ်ပေးစေချင်ပါတယ်”
အခုလို ဘိလပ်မြေစက်ရုံ အနီးဝန်းကျင်မှာ နေထိုင်ကြတဲ့ ဒေသခံတွေက လေထု၊ ရေထု စတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ခံစားနေကြရတဲ့အပေါ်မှာ ဒေသခံတွေရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒသဘောတွေကို အထက်ကို ပြန်လည်တင်ပြသွားမှာဖြစ်ပြီး ဒီကိစ္စကို ပြည်နယ်အစိုးရနဲ့အတူ ဒေသခံတွေ ပူးပေါင်းဆောင်ရွက်ဖို့ စီမံကိန်း၊ ဘဏ္ဍာနဲ့ စည်ပင်ဝန်ကြီး ဦးသန်းနိုင်က ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
ပြီးခဲတဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလဆန်းပိုင်းက သံလွင်မြစ်အနောက်ဘက်မှာရှိတဲ့ နတ်ကုန်း၊ ရသေ့ပျံ၊ ပန်းကုန်း၊ ငှက်ပျောတော စတဲ့ ကျေးရွာတွေမှာ တွင်းရေ၊ ကန်ရေ အင်းရေ စတဲ့ ရေတွေဟာ မဲနက်လာပြီး ငါးတွေ သေဆုံးမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
ရေတွေမဲလာတဲ့အတွက် ဒေသခံတွေက အဲဒီရေတွေကို မသောက်သုံးရဲကြတော့ပဲ ယခုလက်ရှိအချိန်ထိ သောက်ရေသုံးရေတွေကို ဝယ်ယူနေကြရပြီး အလှူရှင်တွေလည်း မကြာခဏဆိုသလို လာရောက် လှူဒါန်းမှုတွေလည်း ရှိခဲ့ပါတယ်။