ထိုင်းနိုင်ငံသားတွေ ရှမ်းမြောက်နဲ့ စစ်အုပ်ချုပ်ရေးဒေသတွေ မသွားဖို့ ထိုင်းအစိုးရသတိပေး
2023.11.28

မြန်မာနိုင်ငံမှာ နေထိုင်သွားလာနေကြတဲ့ ထိုင်းနိုင်ငံသားတွေအနေနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ဒေသတွေကို မသွားကြဖို့ ထိုင်းအစိုးရက သတိပေးထားပါတယ်။
အဲဒီ ခရီးသွားလာမှုလုံခြုံရေး သတိပေးချက်ကို ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက နိုဝင်ဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။
တာချီလိတ်နဲ့ လားရှိုးမြို့ကိုသွားမယ့် လေယာဉ်လက်မှတ်ဝယ်ယူမှုကို ၂၀၂၃ ခုနှစ်၊ မေလကတည်းက တားမြစ်ထားပြီး မလိုက်နာရင် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ် ချမှတ်ခံရနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
ရန်ကုန်၊ မန္တလေးနဲ့ ပုဂံ အပါအဝင် မြန်မာနိုင်ငံက အခြားမြို့တွေကိုသွားမယ့်အခါ ခရီးမသွားလာခင် အခြေအနေ အရင်လေ့လာကြဖို့လည်း အကြံပေးထားပါတယ်။
မြန်မာနိုင်ငံမှာ နေထိုင်သွားလာနေကြတဲ့ ထိုင်းနိုင်ငံသားတွေကို ဆက်သွယ်နိုင်ဖို့အတွက် နေထိုင်တဲ့နေရာတွေကို စာရင်းပေးကြဖို့လည်း ထိုင်းသံရုံးက ပန်ကြားပါတယ်။
နိုဝင်ဘာ ၁၈ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ တိုက်ပွဲကြားပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၄၁ ဦးကို တာချီလိတ်အာဏာပိုင်တွေက ထိုင်းနိုင်ငံဘက်ကို ပြန်ပို့ခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပိတ်မိနေတဲ့ နောက်ထပ် ထိုင်းနိုင်ငံသား နှစ်ရာကျော်ကိုလည်း တရုတ်နိုင်ငံတစ်ဆင့် နေရပ် ပြန်ပို့နိုင်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက နိုဝင်ဘာ ၂၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။