ဝိုင်းမော်မှာ ဒေသခံ လေးဆယ်ခန့် တိုက်ပွဲအတွင်းပိတ်မိခဲ့ပြီး ၂၆ ဦး ဒဏ်ရာရ

RFA Burmese
2024.05.27
ဝိုင်းမော်မှာ ဒေသခံ လေးဆယ်ခန့် တိုက်ပွဲအတွင်းပိတ်မိခဲ့ပြီး ၂၆ ဦး ဒဏ်ရာရ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် ထိခိုက်ဒဏ်ရာရခဲ့သည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ မေလ ၂၆ ရက်နေ့က တွေ့ရစဉ်။
မွန်မြတ်စေတနာ လူမှုကူညီရေးအသင်း

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အထွက်နားမှာ မေလ ၂၆ ရက်နေ့ မနေ့ည ၁၁ နာရီခန့်ကဖြစ်ခဲ့တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအတွင်း ဒေသခံ လေးဆယ်ခန့် ပိတ်မိခဲ့ပြီး ၂၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေဟာ ဘီဘရာကျေးရွာ ငှက်ပျော်ခြံနဲ့ ရွှေမှော်တွေမှာ အလုပ်လုပ်ကိုင်နေကြသူတွေဖြစ်ပြီး အဲဒီအထဲက အမျိုးသား ခြောက်ဦးနဲ့ အမျိုးသမီး နှစ်ဦး စုစုပေါင်း ရှစ်ဦးက စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

အဲဒီဒေသခံတွေဟာ မြို့ပေါ်ကို ကားနှစ်စီး၊ သုံးဘီးဆိုင်ကယ်တစ်စီးနဲ့အတူ ထွက်ပြေးလာကြရင်း တိုက်ပွဲအကြား ပိတ်မိပြီး အခုလို ဒဏ်ရာရခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့က ငှက်ပျောခြံ၊ ရွှေမှော်တွေမှာ အလုပ်လာလုပ်တဲ့ အောက်ပိုင်းကသူတွေ။ သူတို့ မနေ့က ဝိုင်းမော်မြို့ပေါ်ကို တက်လာတာ မြို့အဝင် မောင်းကြီးရုပ်တုနားအရောက် နှစ်ဖက်ပစ်ခတ်မှုအတွင်းမှာ ကြားညပ်သွားတာ။ တိုက်ပွဲကြားထဲ ရောက်သွားသလိုဖြစ်ပြီး ထိခိုက်ဒဏ်ရရသွားတာ”

ဒဏ်ရာရသူတွေထဲမှာ အသက်သုံးဆယ်ကနေ ခြောက်ဆယ်အကြား အမျိုးသားအများစုပါဝင်ပြီး ဦးခေါင်း၊ လက်နဲ့ ခြေထောက်တွေမှာ လက်နက်ကြီးအပြင် လက်နက်ငယ်ကျည်ဆန်တွေပါ ထိခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေကို မနေ့ညမှာပဲ လူမှုကူညီရေးအသင်းတွေက ဝိုင်းမော်မြို့ ပြည့်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ရပြီး ဒီနေ့မနက်မှာတော့ မြစ်ကြီးနားဆေးရုံကြီးကို ပြန်လည်ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေရဲ့ အသက်အရွယ်၊ နာမည်အတိအကျနဲ့ နောက်ဆက်တွဲအခြေနေကိုတော့ လတ်တလော မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီအခြေနေနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဒါ့အပြင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းပြန်ဖြေဆိုခြင်း မရှိပါဘူး။

လက်ရှိ ဝိုင်းမော်မြို့နားအထိ တိုက်ပွဲတွေပြင်းထန်လာပြီးနောက် စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် မေလ ၂၁ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ဒေသခံ ခုနစ်ဦး သေဆုံးခဲ့ပြီး ၂၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။