ဝါဝါဝင်းကုမ္ပဏီနဲ့ လယ်သမား ၆၁ ဦး တွေ့ဆုံညှိနှိုင်း

ဝါဝါဝင်းကုမ္ပဏီနဲ့ လှိုင်သာယာမြို့နယ်အတွင်း လယ်ယာမြေတွေ သိမ်းယူခံထားရတဲ့ အတွင်းပဒံ၊ အပြင်ပဒံကျေးရွာတွေက လယ်သမား ၆၁ ဦးတို့ဟာ လျော်ကြေးငွေ ရရှိရေးနဲ့ ပတ်သက်လို့ ဒုတိယ အကြိမ်မြောက်အဖြစ် လှိုင်သာယာမြို့နယ် ကျွန်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ မနေ့က တွေ့ဆုံ ညှိနှိုင်းခဲ့ကြပါတယ်။

2012.08.17
wah-wah-win-farmers-b305 လှိုင်သာယာ မြို့နယ်တွင် ဝါဝါ၀င်း ကုမ္ပဏီမှ ဆောင်ရွက်နေသော အနော်ရထာ စက်မှုဇုန် စီမံကိန်းနေရာ
RFA

တွေ့ဆုံပွဲကို ဝါဝါ၀င်းကုမ္ပဏီဘက်က အထွေထွေမန်နေဂျာ ဒေါ်စန်းစန်းဝင်းနဲ့ တာဝန်ရှိသူတွေ လာရောက်ခဲ့ကြပြီး တစ်ဧကသိန်း ၃၀ နှုန်းနဲ့ လျော်ကြေး လက်ခံမယ်ဆိုရင် ဆန္ဒပြလယ်သမား ၆၁ ဦးအပါအဝင် လယ်သမားအားလုံးနဲ့ ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ကြောင်း RFA ကို ပြောပါတယ်။

"ညှိနှိုင်းချင်လို့ ဒီကနေ့ ဒီအထိလာပြီး ညှိနှိုင်းတာပေါ့နော်။ ဆက်တိုက်လည်း ကျွန်မတို့ အခုဒီလိုမျိုးပဲ အများသဘောတူသလိုပဲ လက်ခံမယ်ဆိုရင်တော့ ကျွန်မတို့က အချိန်မရွေး ဆက်ပြီးတော့ ညှိနှိုင်းဖို့ဟာက ၆၁ ယောက်ရယ်လို့ ခွဲခြားထားတာ တော့ မဟုတ်ဘူး။ မခွဲခြားဘူး။ ဒီထဲမှာ ရှိတဲ့ လယ်သမားတွေကို အတူတူလို့ပဲ ကျွန်မသတ်မှတ်တယ်"

လယ်သမားတွေ ဘက်ကတော့ ဝါဝါ၀င်း ကုမ္ပဏီရဲ့ သတ်မှတ်နှုန်းထားဟာ ကာလပေါက်ဈေးနဲ့ ကိုက်ညီမှု မရှိတဲ့အတွက် ကုမ္ပဏီနဲ့ ပထမအကြိမ် တွေ့ဆုံခဲ့စဉ်က တောင်းဆိုထားတဲ့အတိုင်း တစ်ဧကအတွက် ကာလပေါက်ဈေးရဲ့ ၁၀ ရာခိုင်နှုန်း ရလိုကြောင်း၊ ဒါမှမဟုတ် မိမိတို့ လယ်ယာမြေတွေပေါ်မှာ ပြန်လည်လုပ်ကိုင်ခွင့် ရလိုကြောင်း၊ ဒီအတွက် ကုမ္ပဏီဘက်က အမှန်တကယ် အဆုံးအဖြတ် ပေးနိုင်မယ့်သူနဲ့ပဲ ဆက်လက် ဆွေးနွေးညှိုနှိုင်း သွားလိုကြောင်း ပြောဆိုခဲ့ပါတယ်။

ဝါဝါ၀င်း ကုမ္ပဏီဟာ အနော်ရထာ စက်မှုဇုန်စီမံကိန်း အကောင်အထည် ဖော်ဖို့အတွက် လှိုင်သာယာ မြို့နယ်က အတွင်းပဒံ၊ အပြင်ပဒံ၊ ကျွန်းကြီး ကျွန်းလေး ကျေးရွာတွေက လယ်ဧက ၇၀၀ ကျော်ကို ၁၉၉၅-၉၆ ခုနှစ်အတွင်း သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။