"ဝ" ဒေသ သံဖြူတူးဖော်မှု ရပ်ဆိုင်းတာ တရုတ်ကိုထိခိုက်နိုင်
2023.08.03
UWSA "ဝ"တပ်ဖွဲ့ ထိန်းချုပ်ဒေသမှာ သံဖြူတူးဖော်ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်တဲ့အတွက် တရုတ်နိုင်ငံရဲ့ သတ္တုကုန်ချောထုတ်လုပ်ရေးမှာ ကုန်ကြမ်းရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ နိုင်ငံတကာ သံဖြူထုတ်လုပ်သူများအသင်း (ITA) က ဩဂုတ်လ ၃ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
"ဝ" ဒေသက သတ္တုတွင်းတွေမှာ သံဖြူအထွက်လျော့နေတဲ့အတွက် လက်ကျန်သံဖြူသတ္တုရိုင်းတွေကို ထိန်းသိမ်းနိုင်ဖို့ သြဂုတ်လက စပြီး ထုတ်လုပ်မှုတွေကို ရပ်နားလိုက်တာလို့ ITA အဖွဲ့ရဲ့ သတင်းမှာ ဖော်ပြပါတယ်။ လက်ရှိမှာ "ဝ" ပြည်နယ်အစိုးရလက်ထဲမှာ သတ္တုရိုင်းတန်ချိန် နှစ်သန်းနီးပါးအထိ ရှိနေတယ်လို့ ဆိုပါတယ်။
ကမ္ဘာမှာ သံဖြူထုတ်လုပ်မှု တတိယအများဆုံးဖြစ်တဲ့ "ဝ" ဒေသမှာ အခုလို ထုတ်လုပ်မှုရပ်ဆိုင်းလိုက်တဲ့ တချိန်တည်းမှာပဲ လန်ဒန်သတ္တုဈေးကွက်မှာ သံဖြူဈေးတွေ နှစ်ရာခိုင်နှုန်းနီးပါး တက်သွားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ITA အဖွဲ့ကတော့… "ဝ" ဒေသမှာ သံဖြူရိုင်းတူးဖော်ထုတ်လုပ်မှု ရပ်ဆိုင်းတာဟာ တစ်လကနေ သုံးလအထိ ကြာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
"ဝ" ဒေသက ထွက်တဲ့ သံဖြူသတ္တုရိုင်းတွေကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲက သတ္တုစက်ရုံမှာ သန့်စင်ပြီးနောက် တရုတ်ကုမ္ပဏီတွေကတစ်ဆင့် ကမ္ဘာ့ထိပ်တန်းနည်းပညာနဲ့ လက်ဝတ်ရတနာကုမ္ပဏီတွေဆီကို ပြန်လည်ရောင်းချနေတာ ဖြစ်ပါတယ်။