ဝ ဒေသ ခရစ်ယာန်ဘုန်းကြီးတွေကို နယ်နှင်ဒဏ်ပေး
2018.10.18
လားဟူနှစ်ခြင်းခရစ်ယာန်အသင်းက ခရစ်ယာန်ဘုန်းတော်ကြီး ၁၂ ပါးကို 'ဝ' ဒေသမှာ ဆက်လက်နေထိုင်ခွင့်မပြုဖို့ UWSA က ညွှန်ကြားချက်ထုတ်ပြန်ပြီး နယ်နှင်ဒဏ်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၁၀ ရက်နေ့က ၀ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA က ၀ ဒေသမှာ ၁၉၉၂ နောက်ပိုင်းမှ ရှိလာတဲ့ ဘုရားရှိခိုးကျောင်းတွေ၊ အသင်းတော်တွေကို အားလုံးဖျက်သိမ်းမှာဖြစ်ပြီး ဒေသခံမဟုတ်တဲ့ ဓမ္မဆရာတော်တွေကို ၀ ဒေသမှာ ဆက်မနေဖို့ ညွှန်ကြားချက်ထုတ်ခဲ့တယ်လို့ ကျိုင်းတုံအခြေစိုက် လားဟူနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာလာဇရု ကပြောပါတယ်။
အဲလိုညွှန်ကြားချက်ထုတ်ပြီးနောက် ၀ ဒေသမှာ ဆက်လက်မနေထိုင်ရဲတာကြောင့် ဒေသခံမဟုတ်တဲ့ လားဟူ ဓမ္မဆရာတော်၊ သင်းအုပ်ဆရာတော် ၁၂ ပါး ဟာ နေရပ်ဖြစ်တဲ့ ကျိုင်းတုံကို ဒီရက်ပိုင်းမှာ ပြန်လာကြတယ်လို့ ဒေါက်တာလာဇရု က RFA ကိုပြောပါတယ်။
၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းလောက်က ၀ ဒေသမှာရှိတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၅၂ ကျောင်းကို ချိတ်ပိတ်ခဲ့ပြီး ဘုရားရှိခိုးကျောင်း ၅ကျောင်းနဲ့ ကျမ်းစာကျောင်း ၁ ကျောင်းကို ဖျက်ပစ်ခဲ့တယ်လို့လည်း ဒေါက်တာလာဇရု ကပြောပါတယ်။
ဒါ့အပြင် ဓမ္မဆရာတော်၊ သင်းအုပ်ဆရာတော် ၉၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် အောက်တိုဘာ လဆန်းထဲမှာ ဖမ်းဆီးထားတဲ့ ဓမ္မဆရာတွေကို ကျမ်းစာမဖတ်ဖို့၊ ဆုမတောင်းဖို့နဲ့ ခရစ်တော်ကို မယုံကြည်ဖို့ဆိုတဲ့ ခံဝန်ချက်တွေ ရေးထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
အခုလို ၀ ဒေသမှာ ဓမ္မဆရာတော်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့တာဟာ အစွန်းရောက်ဘာသာရေးဆရာတချို့ကြောင့် ၀ ဒေသမှာ နေထိုင်တဲ့ လူမျိုးအချင်းချင်းကြားမှာ မတည်မငြိမ်မှု၊ အမြင်ကွဲလွဲမှုတွေဖြစ်မှာ စိုးရိမ်တာ၊ ၀ ပြည်နယ်ရဲ့ ဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်တာကြောင့်လို့ UWSA လားရှိုးဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က RFA ကို ဖြေကြားထားပါတယ်။
၀ ဒေသမှာ လက်ရှိချိန်ထိ ဘုရားရှိခိုးကျောင်းတွေကို ချိတ်ပိတ်ထားပြီး ဒေသခံ ဓမ္မဆရာတော်တွေကိုလည်း UWSA က စောင့်ကြည့်နေတာမျိုးတွေ ရှိနေတာကြောင့် ဒါဟာ မြန်မာနိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်နေတာဖြစ်ပြီး အရင်လို ဘုရားရှိခိုးကျောင်းတွေ ပြန်ဖွင့်ခွင့် ဘုရားဝတ်ပြုခွင့်ပြန်ရအောင် သက်ဆိုင်ရာ ၀ ဒေသ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံညှိနှိုင်းခွင့်ရအောင် ကြိုးစားသွားမယ်လို့ လားဟူနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာလာဇရု ကပြောပါတယ်။
ဒေသခံမဟုတ်တဲ့ ဓမ္မဆရာတော်တွေကို ကြေညာထုတ်ပြီး နှင်ထုတ်ခဲ့တယ်လို့ ပြောဆိုထားတာတွေနဲ့ ပတ်သက်လို့ အတည်ပြုနိုင်ဖို့ UWSA လားရှိုးဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကို ဆက်သွယ်မေးမြန်းရာမှာ သူ့အနေနဲ့ မသိရှိကြောင်း RFA ကို ဖြေကြားပါတယ်။