"ဝ" ဒေသမှာ ဖမ်းဆီးခံခဲ့ရတဲ့ "ဝ" တိုင်းရင်းသား ခရစ်ယာန် ဘာသာဝင် ၁၀၀ ကျော် ပြန်လွတ်လာ
2018.10.05
"ဝ" ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA က ဖမ်းဆီးထားတဲ့ ခရစ်ယာန်ဘာသာဝင် ၂၀၀ ကျော်ထဲက "ဝ" တိုင်းရင်းသား ၁၀၀ ကျော် ပြန်လည်လွတ်မြောက်လာပြီး လားဟူ တိုင်းရင်းသား ၁၀၀ ကျော်ကတော့ ဆက်ပြီး ဖမ်းခံထားရဆဲလို့ RFA က စုံစမ်းသိရပါတယ်။
ဖမ်းဆီးထားသူတွေထဲက "ဝ" တိုင်းရင်းသားတွေကိုသာ ပြန်လွှတ်ပေးလိုက်တာဖြစ်ကြောင်း လားဟူ နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာလာဇရုက ပြောပါတယ်။
လွတ်မြောက်လာသူတွေဟာ ဝတ်ပြုဆုတောင်းတာတွေကို နေအိမ်တွေမှာပဲလုပ်ဖို့နဲ့ ဘုရားကျောင်းတွေမှာ မလုပ်ဖို့ ခံဝန်ကတိလက်မှတ်ထိုးခဲ့ရပြီး လက်မှတ်ထိုးဖို့ ငြင်းဆိုတဲ့ ဝ တိုင်းရင်းသား ဓမ္မဆရာ ၇ ဦးကိုတော့ ဆက်လက် ထိန်းသိမ်းထားကြောင်းလည်း ဒေါက်တာလာဇရုက ပြောပါတယ်။
ဖမ်းဆီးခံထားရသူ လားဟူ တိုင်းရင်းသားတွေထဲမှာ ဓမ္မဆရာ၊ ဆရာမ ၉၂ ပါးနဲ့ ကျောင်းသူ၊ ကျောင်းသား ၄၁ ဦး စုစုပေါင်း ၁၃၀ ကျော်ရှိတယ်လို့ ကျိုင်းတုံအခြေစိုက် လားဟူနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန် ထားပါတယ်။
မိုင်းပေါက် သာသနာနယ်အတွင်းက ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၅၂ ကျောင်းကို ချိတ်ပိတ်ခဲ့တဲ့အပြင် ဘုရားကျောင်း ၃ ကျောင်းကိုလည်း ဖြိုချဖျက်ဆီးခဲ့ကြောင်းလည်း လားဟူနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝ တပ်မတော် UWSA တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။