"ဝ" ဒေသမှာ ဖမ်းဆီးခံထားရတဲ့ ခရစ်ယာန် ဆရာတော်တွေ လွတ်မြောက်ရေး နှိုးဆော်


2018.09.27
uwsa-622 ဝ နယ် နမ့်တစ်မြို့အဝင်ကို တွေ့ရစဉ်
Photo: Kan Thar/ RFA

"ဝ" အထူးဒေသမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ခရစ်ယာန် ဓမ္မဆရာတော်တွေနဲ့ ခရစ်ယာန် ဘာသာဝင်တွေ ပြန်လည်လွတ်မြောက်ရေးအတွက် ဆုတောင်းပေးကြဖို့ ကျိုင်းတုံမြို့အခြေစိုက် လားဟူ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က နှိုးဆော်လိုက်ပါတယ်။

နိုင်ငံအနှံ့မှာရှိတဲ့ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ်အားလုံးက UWSA က ဖမ်းဆီးထားတဲ့သူတွေ အမြန်ဆုံးပြန်လည် လွှတ်မြောက်ရေး လာမယ့် အောက်တိုဘာလ ၇ ရက်နေ့မှာ ဝိုင်းဝန်းဆုတောင်းပေးကြဖို့ နှိုးဆော်ရတာဖြစ်တယ်လို့ လားဟူ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာလာဇရုက RFA ကို ပြောပါတယ်။

"ဝ" ဒေသက ဖမ်းဆီးခံထားရတဲ့ ခရစ်ယာန်ဘာသာဝင်တွေ လွတ်မြောက်ရေး ဝိုင်းဝန်းဆုတောင်းပေးကြဖို့ အကူအညီတောင်းလွှာကို မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ်ကို လိပ်မူပေးပို့ခဲ့တာဖြစ်ပြီး နိုင်ငံအနှံမှာရှိတဲ့ အသင်းတော်တွေအားလုံးကိုလည်း တစ်ပါတည်းပေးပို့လိုက်တာလို့ သိရပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်း "ဝ" အထူးဒေသက ခရစ်ယာန် ဓမ္မဆရာ၊ ဆရာမ ၉၂ ပါးကို ဖမ်ဆီးထိန်းသိမ်းထားပြီး ကျမ်းစာတက်နေတဲ့ ကျောင်းသူ၊ ကျောင်းသား ၄၁ ဦးကို "ဝ" အာဏာပိုင်တွေက ဖမ်းဆီးစစ်မှုထမ်းခိုင်း ထားကြောင်းလည်း လားဟူနှစ်ခြင်း ခရစ်ယာန်အသင်းတော်ရဲ့ အကူအညီတောင်းစာမှာ ထည့်သွင်းဖော်ပြ ထားပါတယ်။

ဒါ့အပြင် မိုင်းပေါက် သာသနာနယ်အတွင်းက ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၅၂ ကျောင်းကို ချိတ်ပိတ်ခဲ့တဲ့အပြင် ဘုရားကျောင်း ၃ ကျောင်းကိုလည်း ဖြိုချဖျက်ဆီးခဲ့ကြောင်းလည်း ပါဝင်ပါတယ်။

အဲ့ဒီအချက်တွေဟာ ဝ ဒေသက ထွက်ပြေးလာသူတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့တဲ့ အချက်တွေအရ ထုတ်ပြန်ထားတာ လို့လည်း လားဟူနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။