UWSA က ဖမ်းဆီးထားတဲ့ လားဟူ ဓမ္မဆရာ ၉၀ ကျော်ကို ခံဝန်လက်မှတ်ရေးထိုးခိုင်းပြီး ပြန်လွှတ်
2018.10.13

"ဝ" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဖမ်းဆီးထားတဲ့ လားဟူ ဓမ္မဆရာ ၉၀ ကျော်ကို ခံဝန်လက်မှတ်ရေးထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
လားဟူ ဓမ္မဆရာ ၉၂ ဦးဟာ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကမှ ပြန်လည်လွတ်မြောက်လာတာဖြစ်ပြီး ကျမ်းစာသင်နေတဲ့ ကျောင်းသား ကျောင်းသူ ၄၁ ဦးကတော့ လွတ်မြောက်ခြင်းမရှိသေးဘူးလို့ ကျိုင်းတုံအခြေစိုက် လားဟူ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် က အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာ လာဇရုက RFA ကို ပြောပါတယ်။
ကျိုင်းတုံအခြေစိုက် လားဟူ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် က သင်းအုပ်ဆရာ ဆရာတော် ဖိလစ်မိုခမ်ကတော့ ပြန်လည်လွတ်မြောက်လာတဲ့ ဓမ္မဆရာတွေဟာ ကျမ်းစာမဖတ်ဖို့၊ ဆုမတောင်းဖို့နဲ့ ခရစ်တော်ကို မယုံကြည်ဖို့ဆိုတဲ့ ခံဝန်ချက်တွေ ရေးထိုးခဲ့ရတယ်လို့ သိထားကြောင်း ပြောပါတယ်။
UWSA လားရှိုး ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်း က လားဟူဓမ္မဆရာတွေကို ပြန်လွှတ်ပေးလိုက်တယ်ဆိုတာ မှန်ကန်ကြောင်းနဲ့ ခံဝန်လက်မှတ်ရေးထိုးရတဲ့အချက်တွေကိုတော့ အသေအချာမသိကြောင်း ပြောပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း "ဝ" အထူးဒေသအာဏာပိုင်တွေက ဓမ္မဆရာ ၉၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ကျမ်းစာသင်နေတဲ့ ကျောင်းသား ကျောင်းသူ ၄၁ ဦးကို ဖမ်းဆီးခေါ်ဆောင်ကာ စစ်မှုထမ်းစေတယ်လို့ စက်တင်ဘာလ ၂၅ရက်နေ့က ကျိုင်းတုံအခြေစိုက် လားဟူ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် က ကြေညာချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။
UWSA ဟာ စတင်ဖမ်းဆီးစဉ်က ခရစ်ယာန်ဘာသာဝင် ၂၀၀ ကျော်ကို ဖမ်းဆီးတာဖြစ်ပြီး အဲဒီထဲက ၀ တိုင်းရင်းသား ၁၀၀ ကျော်ကို ခံဝန်လက်မှတ်ရေးထိုးစေပြီး အောက်တိုဘာလဆန်းက ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
UWSA လားရှိုး ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်း က အစွန်းရောက် ဘာသာရေးဆရာတချို့ကြောင့် "ဝ"ဒေသမှာ နေထိုင်တဲ့ လူမျိုးအချင်းချင်းကြားမှာ မတည်မငြိမ်မှု၊ အမြင်ကွဲလွဲမှုတွေ ဖြစ်မှာ စိုးရိမ်တာ၊ "ဝ" ပြည်နယ်ရဲ့ ဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်တဲ့ ဓမ္မဆရာ တချို့ကြောင့် ခေါ်ယူထိန်းသိမ်းတာတွေ ဖြစ်လာတာလို့ ပြောပါတယ်။
ဒါ့အပြင် လာမယ့် ဧပြီလမှာ "ဝ"ဒေသမှာ ကျင်းပမယ့် နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေးပွဲတော် မတိုင်ခင် ဒေသအတွင်း တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး ကင်းစင်ရေးနဲ့ ဘာသာရေးဆိုင်ရာ ကိစ္စတွေကို သန့်စင်တဲ့သဘောလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ချိတ်ပိတ်ထားတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ပေးဖို့နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ သူ့အနေနဲ့ သေချာမသိသေးကြောင်း ပြောပါတယ်။
ကျမ်းစာသင်နေတဲ့ ကျောင်းသား ကျောင်းသူ ၄၁ ဦးကို ဖမ်းဆီးရတဲ့ အကြောင်းရင်းက "ဝ" ပြည်မှာ တစ်အိမ်တစ်ယောက် စစ်မှု မထမ်းမနေရ ဆိုတဲ့ဥပဒေကို တချို့က ဘာသာရေးအကြောင်းပြပြီး ရှောင်တိမ်းမှုတွေ ရှိတာကြောင့် စိစစ်တဲ့ သဘောဖြစ်တယ်လို့ ဦးညီရမ်းက ပြောပါတယ်။