VOM တည်ထောင်သူ သေဒဏ်တိုက်မှာ အချုပ်ခံထားရ

ခေမဏီဝင်း
2020.04.09

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးအမှုဖွင့်ခံထားရတဲ့ Voice of Myanmar (VOM) သတင်းဌာန တည်ထောင်သူ ကိုနေမျိုးလင်းဟာ သူ့ကို သေဒဏ်ချခံထားရသူတွေကိုထားတဲ့တိုက်မှာထားတယ်လို့ ဒီနေ့ ဧပြီ ၉ ရက်နေ့ ရုံးထုတ်မှာ ပြောပါတယ်။

ကိုနေမျိုးလင်းကို ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ဒီကနေ့ ဒုတိယအကြိမ်ရုံးထုတ် ရမန်ယူခဲ့တာပါ။

အိုးဘိုထောင်အတွင်းမှာ အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ တရားရုံးကအထွက်မှာ ကိုနေမျိုးလင်း က ပြောပါတယ်။  

"သေဒဏ်တိုက်မှာထားပါတယ်။ တံခါးသုံးထပ်နဲ့ထားပါတယ်။ ကျွန်တော်ရေးတာ ငြိမ်းချမ်းရေးအတွက်ရေးတဲ့ သတင်းဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအတွက်ပေးတဲ့ ဆုလာဘ်က လက်ထိပ်ပါ၊ သေဒဏ်ထဲမှာထားပါတယ်"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က  အကျဉ်းသားတွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ တံခါးသုံးထပ်နဲ့ ထားလေ့ရှိတယ်လို့ ပြောပါတယ်။

“သူတို့ လုံခြုံရေးအကြောင်းပြချက်နဲ့ ထိန်းသိမ်းထားတာမျိုးဖြစ်နိုင်တယ်၊ ကျတော်တို့တွေခေတ်တုန်းကလည်း ရံဖန်ရံခါမှာတော့ တချို့လူတွေကို ထောက်လှမ်းရေးမှတ်ချက်နဲ့ ကျန်တဲ့လူတွေနဲ့ အဆက်အသွယ်လုပ်လို့ မရအောင် အဲဒီလိုမျိုး ထိန်းသိမ်းလေ့ရှိတယ်။ အခုလည်း ဒါ အဲဒီလိုပုံစံမျိုးနဲ့ ထိန်းသိမ်းတယ်ထင်တယ်။ ဒါပေမဲ့ လူတစ်ယောက်ကို ဒီလိုမျိုး တံခါးသုံးထပ်နဲ့ သေဒဏ်ကျလောက်တဲ့အပြစ်မျိုးလည်း မဟုတ်ဘူး။ တကယ်ဆို ဖမ်းကိုမဖမ်းသင့်တဲ့လူမျိုးတစ်ယောက်ကိုတော့ ဒီလိုမျိုးထားတာ ပြင်းထန်လွန်းအားကြီးတယ်။ မထားသင့်ဘူး”

အစိုးရက ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မတ် ၂၃ ရက်နေ့က သတ်မှတ်ကြေညာ လိုက်ပြီးနောက်ပိုင်း AA ပြောခွင့်ရသူ ခိုင်သုခကို VOM က ဆက်သွယ်မေးမြန်းဖော်ပြခဲ့တာပါ။

VOM ရဲ့ မေးမြန်းချက်တွေထဲမှာ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံခဲ့ရတာနဲ့ပတ်သက်လို့ သဘောထား၊ AA အဖွဲ့မပါရင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ အစိုးရအပစ်အခတ်ရပ်ဆိုင်းရေး ဆွေးနွေးပွဲအခြေအနေအပေါ် သဘောထားနဲ့ အခုလို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံလိုက်ရတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဘယ်လိုသဘောဆောင်သွားလဲဆိုတဲ့မေးခွန်းတွေ ပါဝင်ပါတယ်။

အဲဒီမေးမြန်းချက် ဖော်ပြပြီးနောက် မတ်လ  ၃၀ ရက်နေ့ညက ကိုနေမျိုးလင်းကို နေအိမ်ကနေ ခေါ်ဆောင် သွားတာပါ။ နောက်နေ့မှာတော့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က)၊ ၅၂ (က) တို့နဲ့ ချမ်းမြသာစည် မြို့နယ်တရားရုံးမှာ မန္တလေးတိုင်း သတင်းရဲတပ်ဖွဲ့က ဒုဲရဲမှူး ခင်မောင်ဝင်း က တရားလိုလုပ်ပြီး အမှုဖွင့် လိုက်တာပါ။

ကိုနေမျိုးလင်းရဲ့ ဇနီးဖြစ်သူ မဇာနည်မာန်က ကိုဗစ်ကာကွယ်ရေးအတွက်ဆိုပြီး မိသားစုနဲ့ ၁၄ ရက် တခါပဲ တွေ့ရတယ်လို့ ပြောပါတယ်။

"ကိုဗစ်ကာကွယ်ရေးကြောင့်ဆိုပြီး ဆယ်လေးရက်မှတစ်ခါ မိသားစုတွေ့ရတယ်။ သီးသန့်ထားတယ်။ စောင့်ကြည့်တယ်ဆိုပြီး သီးသန့်ထားတယ်ပြောတယ်။ ရေချိုးချိန်တစ်ခါပဲထွက်ရတော့ ခြေညောင်း လက်ဆန့်လုပ်လို့ မရဘူးပေါ့၊ ကျန်တာကတော့ အဆင်ပြေပါတယ်။ ဒီကနေလည်း လိုတာတွေပို့ပေးနေတယ်"

ဖမ်းဆီးအမှုဖွင့်ခံထားရတာနဲ့ပတ်သက်ပြီး သတင်းမီဒီယာကောင်စီကို စာပေးပို့ထားပေမယ့် တစ်စုံတစ်ရာ အကြောင်းပြန်တာမရှိသေးဘူလို့ မဇာနည်မာန်ကပြောပါတယ်။

ချမ်းမြသာစည်မြို့နယ်တရားရုံးက တရားရုံးသတင်းပြန်ကြားရေးအရာရှိ၊ မြို့နယ်တရားသူကြီး ဦးကျော်စွာလင်း က လာမယ့် ၂၃ ရက်နေ့အထိ ချုပ်မိန့်ထပ်ပေးခဲ့တယ်လို့ ပြောပါတယ်။

"ဦးနေလင်းကို မန္တလေးမြို့ ဗဟိုအကျဉ်းထောင်မှာချုပ်ထားဖို့  ချုပ်မိန့်တောင်းခံလာတဲ့အတွက် ၂၃ ရက်နေ့အထိ တရားရုံးကနေပြီးတော့  ချုပ်မိန့်ပေးခဲ့တယ်။"


စွဲဆိုထားတဲ့ ပုဒ်မ ၅၀ (က) အရ ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းထိချမှတ်နိုင်ပြီး ပုဒ်မ ၅၂ (က) ကတော့ ထောင်ဒဏ် အနည်းဆုံး သုံးနှစ်ကနေ အများဆုံး ခုနှစ်နှစ်ထိ ချမှတ်ခံရနိုင်တဲ့ပုဒ်မတွေဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။