VOM သတင်းဌာန CEO နဲ့ မိသားစုတွေ ၈ နာရီကြာ အဆက်သွယ် ပြတ်နေ

မန္တလေးအခြေစိုက် VOM သတင်းဌာန CEO ကိုနေမျိုးလင်း ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆွေးနွေးစရာ ရှိလို့ လာခဲ့ဖို့ခေါ်လို့ နေအိမ်ကနေ ဒီနေ့ မနက် ၁၀ နာရီက ထွက်သွားရာမှာ အခုညနေ ၆ နာရီအထိ မိသားစုနဲ့ အဆက်သွယ် မရသေးဘူးလို့ သူ့ရဲ့မိသားစုဝင်တွေက ပြောပါတယ်။
"သူနဲ့အတူ သတင်းထောက် ကိုရှိုင်းအောင် ပါသွားတယ်။ ဘယ်ကို သွားတွေ့တယ်၊ ဘယ်နေရာမှာရှိတယ် ဆိုတာ အခုထိ မသိရသေးဘူး။ ပြောသံကြားတာကတော့ နန်းတွင်းမှာလို့ သိရတယ်။ ဖုန်းကတော့ စိက်ပိတ်မထားပေမယ့် ဝင်တယ် မကိုင်ဘူး၊ အခု ညနေထိ အဆက်သွယ်မရသေးဘူး " လို့ ကိုနေမျိုးလင်းရဲ့ မိသားစုဝင် တစ်ယောက်က RFA ကို ပြောပါတယ်။
ကိုနေမျိုးလင်းဟာ ယခင်က BBC မြန်မာပိုင်း သတင်းဌာန သတင်းထောက်ဟောင်း တစ်ယောက် ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာလည်း မတရားအသင်းအဖြစ် ကြေညာခံထားရဖူးတဲ့ AA အဖွဲ့က ပြန်ကြားရေးအရာရှိ ခိုင်သုခကို ဆက်သွယ်မေးမြန်းခဲ့တယ်ဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဖမ်းဆီးခံခဲ့ရဖူးပြီး ဆယ်ရက်ခန့် အိုးဘိုအကျဉ်းထောင်အတွင်းမှာ နေထိုင်ခဲ့ရပြီး မခိုင်လုံတဲ့အတွက် ပြန်လွတ်လာခဲ့တာပါ။