AA နဲ့ ဆက်သွယ်မေးမြန်းခဲ့တဲ့ သတင်းသမားတချို့ တိမ်းရှောင်နေရဆဲ


2020.04.15

အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ ရက္ခိုင့်တပ်တော် AA နဲ့ ဆက်သွယ်ခဲ့တာရှိတဲ့အတွက်  ပြည်ထဲရေးဝန်ကြီး ဌာနက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲဆိုတာ၊ ဖမ်းဆီးတာတွေကြောင့် သတင်းမီဒီယာသမား တချို့ အခုအချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အစိုးရက အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်အပြီး ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်မေးမြန်းတဲ့အတွက် Voice of Myanmar VOM သတင်းဌာန အယ်ဒီတာချုပ် ကိုနေမျိုးလင်း၊ ခေတ်သစ် မီဒီယာအယ်ဒီတာချုပ် ကိုသာလွန်ဇောင်းထက်နဲ့ နိရိဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ကိုခိုင်မြတ်ကျော် တို့ကို ပြည်ထဲရေးဝန်ကြီးဌာနက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုထားပါတယ်။

ဒီတရားစွဲခံရတဲ့အထဲက VOM သတင်းဌာန တည်ထောင်သူ အယ်ဒီတာ ကိုနေမျိုးလင်းကို မတ်လ ၃၀ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးခဲ့ပြီး ၁၀ ရက်ကြာ ထိန်းသိမ်းစစ်ဆေးရာမှာ အကြမ်းဖမ်တိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်း တာမတွေရလို့ဆိုပြီး ဧပြီလ ၉ ရက်နေ့ညပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ကိုနေမျိုးလင်းကို လွှတ်ပေးပြီးနောက်နေ့မှာဘဲ ပြည်ထဲရေးက အမှုဖွင့်ထားတဲ့ ကျန်တဲ့သူတွေကို အမှုတွေ ရုပ်သိမ်းပေးဖို့ စာပို့ထားတယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်း က ပြောပါတယ်။

“ကျန်တဲ့နှစ်ဦးကတော့ အစ်ကိုတို့ VOM လွတ်တဲ့နေမှာပဲ ကြေညာချက်ထပ်ထွက်တယ်၊ ထပ်ပြီး ဖိအားပေး ထားတာပေါ၊ ပြည်ထဲရေးဝန်ကြီးပေါ့၊ သူကအကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ဗဟိုရဲ့ ဥက္ကဋ္ဌလည်းဖြစ်တာကို၊ သူ့ကို စာတပ်ပေးတဲ့အပြင် မိတ္တူကိုလည်း နိုင်ငံတော်သမ္မတရုံးရယ်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ရယ်၊ ကာကွယ်ရေး ဦးစီးချုပ်ရယ်၊ အမှုကိုအမြန်ဆုံးရုပ်သိမ်းပေးပါလို့ ပြောတာပေါ့နော်”


သတင်းသမားတွေဟာ အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားသူတွေကို အားပေးအားမြောက်လုပ်တာမဟုတ်ဘဲ သတင်းမီဒီယာကျင့်ဝတ်အရ နှစ်ဖက်စလုံးကို မေးမြန်းသတင်းရေးသားတာဟာ ကိုယ့်အလုပ်ကိုလုပ်တာ ဖြစ်တာကြောင့် တရားစွဲဆိုတာဟာ မှားယွင်းတယ်လို့လည်း ဦးကျော်စွာမင်း ကပြောပါတယ်။

ကိုနေမျိုးလင်း ကိုအမှုနဲ့ မငြိစွန်းဘူးလို့ ဥပဒေရုံးက မှတ်ချက်နဲ့ ပြန်လွှတ်ခဲ့ပေမယ့် AA အဖွဲ့ကို ဆက်သွယ်ပြီး သတင်းဖော်ပြမှုနဲ့ အမှုဖွင့်ခံထားရတဲ့ ရခိုင်ပြည်နယ်အခြေစိုက် နိရိဉ္စရာ သတင်းဌာန အယ်ဒီတာချုပ် ကိုခိုင်မြတ်ကျော်နဲ့ ခေတ်သစ်မီဒီယာ အယ်ဒီတာချုပ် ကိုသာလွန်ဇောင်းထက် တို့ကတော့ အခုအချိန်အထိ တိမ်းရှောင်နေရပါတယ်။

ဒီနေရာမှာ ထူးခြားချက်တခုက ကိုခိုင်မြတ်ကျော်နဲ့ ကိုသာလွန်ဇောင်းထက်တို့ဟာ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်တွေ ဖြစ်ပါတယ်။

သတင်းသမားတွေဟာ ဘယ်သူကိုမဆို ဆက်သွယ်ခွင့်ရှိပြီး အခုလို အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်သွယ်တယ် ဆိုတဲ့ ခေါင်းစဉ်တပ် တရားစွဲတာဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တာလို့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် အရေးလုပ်နေတဲ့ အသံအဖွဲ့ ဒါရိုက်တာ ကိုဆောင်းခ က ပြောပါတယ်။

“သတင်းသမားတစ်ယောက်အနေနဲ့ ဘယ်သူကိုမဆို ဆက်သွယ်ခွင့်ရှိရမယ်၊ အဲလိုမျိုးဆက်သွယ်လို့ဆိုပြီး ဒါဟာ အကြမ်းဖက်မှုအားပေးတယ်ဆိုပြီး ခေါင်းစဉ်တာတာဟာ လုံးဝမရဘူး၊ ဒါဟာ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ် စွာထုတ်ဖော်ပြောဆိုခွင့်ကို အကြီးအကျယ်ချိုးဖောက်တယ်လို့ ကျနော်တို့က မြင်ပါတယ်”

နိရိဉ္စရာသတင်းဌာန အယ်တီတာချုပ်နဲ့အဖွဲ့ကို ပြည်နယ်သတင်းတပ်ဖွဲ့ SB က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၀(က) /၅၂(က) နဲ့ စစ်တွေမြို့မရဲစခန်းမှာ မတ်လ ၃၁ ရက်နေ့က အမှုဖွင့်ထားတာပါ။

အဲဒီနေ့မှာ ရဲတပ်ဖွဲ့က နိရိဉ္စရာ သတင်းဌာနရုံးကို ဝင်ရောက်ရှာဖွေပြီး သတင်းထောက် သုံးဦးကို ခေါ်ယူ စစ်ဆေးခဲ့သလို ကွန်ပျူတာ လက်ပ်တော့တစ်လုံးကိုပါ သိမ်းဆည်းသွားခဲ့ပါတယ်။

စစ်တွေမြို့အခြေစိုက် နိရိဉ္စရာသတင်းဌာနက သတင်းထောက် မချစ်အိလှိုင်ရဲ့နေအိမ်ကို အာဏာပိုင်တွေက ဧပြီ ၁ ရက်နေ့ညပိုင်းက ဝင်ရောက်ရှာဖွေခဲ့ပါတယ်။

ရန်ကုန်အခြေစိုက် ခေတ်သစ်မီဒီယာက အယ်ဒီတာချုပ် ကိုသာလွန်ဇောင်းထက်ရဲ့ နေအိမ်ကိုလည်း မတ်လ ၃၁ ရက်နေ့ညက ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ ကိုနေမျိုးလင်းက မီဒီယာသမားတွေက ကိုယ်အလုပ်ကိုယ်လုပ်တာကို အခုလို ပုဒ်မတွေတပ် တရားစွဲတာဟာ လုံးဝမလုပ်သင့်ဘူးလို့ မှတ်ချက်ပြုပါတယ်။

“မီဒီယာသမားတွေရဲ့ အလုပ်လုပ်တာဘဲ၊ သတင်းဆိုတာနှစ်ဖက်အသံပါမှပြည့်စုံတာ၊ အသံမဲ့နေသူတွေရဲ့ အသံ ဖော်ထုတ်ပေးရမှာက ကျနော်တို့တာဝန်ပဲလေ၊ ဒါကိုအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတို့ မတရားအသင်း ဥပဒေတို့နဲ့ တရားစွဲတာတွေက လုံးဝမသင့်တော်တဲ့ကိစ္စပါ၊ မြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့်ကိုလည်း အဆင့်နိမ့်စေပါတယ်၊ သူများတိုင်းပြည်တွေက ပြောစရာဖြစ်ပါတယ်၊ ဒီမိုကရေစီနိုင်ငံကိုသွားနေတယ်ဆိုရင် ဒီကိစ္စတွေက လုံးဝကိုမရှိသင့်ပါဘူးခင်ဗျ”

သတင်းမီဒီယာသမားတွေကို ပြည်ထဲရေးကစွဲဆိုတဲ့ပုဒ်မတွေဟာ သေဒဏ်အထိပေးလို့ရတဲ့ပုဒ်မတွေ လည်းဖြစ်ပါတယ်။

ကမ္ဘာ့တဝန်းက လူပေါင်းသိန်းနဲ့ချီ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပြီး သောင်းနဲ့ချီ အသက်ဆုံးရှုံးနေချိန်မှာ အကျဉ်းထောင်တွေထဲက သတင်းသမားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ နယူးယောက်မြို့မှာ အခြေစိုက်တဲ့ “သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ” က မတ်လ ၃၀ ရက်နေ့က တောင်းဆိုထား ပေမယ့် မြန်မာပြည်တွင်းမှာတော့ သတင်းသမားတချို့ ဖမ်းဆီးစစ်ဆေးမေးမြန်းခံနေရပါတယ်။ အလားတူ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့ကြီး AI တို့ကလည်း ကပ်ရောဂါဖြစ်နေစဉ်မှာ အကျဉ်းထောင်တွေထဲမှာရှိတဲ့ သတင်းမီဒီယာသမားတွေ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားနေသူတွေကို အမြန်လွှတ်ပေးဖို့ မကြာခင်ရက်ပိုင်းက တောင်းဆိုထားပါတယ်။

မြန်မာပြည်တွင်းမှာတော့ အစိုးရက ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေညာပြီးနောက်ပိုင်း AA ကို ဆက်သွယ်သတင်းမေးမြန်းခဲ့တဲ့ သတင်းမီဒီယာတွေ၊ သတင်းသမားတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုအရေးယူမယ်ဆိုတဲ့ သတင်းစကားတွေကြောင့် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။