ရွှေဘိုမြို့နယ် နှမစားရစ် ရွာလုံးကျွတ် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် နှမစားရစ်၊ ငါးပိအိုး၊ ဂွေပင်ကုန်း စတဲ့ ကျေးရွာ သုံးရွာမှာ နှစ်ရက်အတွင်း နေအိမ် ၇၀၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှမစားရစ်ရွာမှာတော့ ဖေဖော်ဝါရီ ၂၅ ရက် ဒီနေ့ မနက် ၄ နာရီ ကျော်လောက်က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ဝင်ရောက်လာပြီးနောက် နေအိမ် ၅၀၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာထဲမှာ ပစ်ခတ်တဲ့အတွက် ဒေသခံ သုံးဦးထက်မနည်း ကျည်ဆံ ထိမှန် ခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းထဲက ရွာတွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နေ့တိုင်းနီးပါး ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နေအိမ်မီးရှို့ခံရမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်သားတွေနဲ့ ပျူစောထီး အင်အား ၇၀ လောက် ရွာတဲ့ ရုတ်တရက်ဝင်လာပြီး တစ်အိမ်ချင်း မီးရှို့တာကြောင့် ဘာမှမယူနိုင်ဘဲ ထွက်ပြေးခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နှမစားရစ်ရွာသား တစ်ဦးက RFA ကို ပြောပါတယ်။
“အဖြစ်အပျက်ကတော့ တော်တော်ကို ကြေကွဲစရာကောင်းနေပါပြီ၊ မနက် (၄) နာရီ လောက်မှာ အင်အား ၇၀ လောက်နဲ့ ပန်းရံရွာဘက်ကနေ ဆင်းလာပြီး လက်နက်ကြီးနဲ့ ပစ်ဝင်ပြီးတော့ စစ်တပ်နဲ့ ပျုစောထီးပေါ့။ စစ်တပ်ကတော့ ရွာတွေကို ကောင်းကောင်း မွန်မွန် သိမှာမဟုတ်ဘူးလေ။ လက်နက်ကြီးနဲ့ ပစ်တယ်။ ထွက်ပြေးတော့ တစ်အိမ်ဆင်း တစ်အိမ်တက်ကို ရှို့တာ”
အရင်က ရွာအနားမှာ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရလို့ အခုလို ရွာကိုမီးလာရှို့ တာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘူးလို့ ဆိုပါတယ်။
"PDF တွေ ရှေ့မတိုးရဲအောင် ပြည်သူတွေ နောက်တွန့်သွားအောင် လုပ်ချင်တဲ့အခါမှာ ရွာတွေကို မီးရှို့တယ်"
အခုလို ရွာထဲဝင်ရောက်မီးရှို့လို့ အိမ်ခြေ ၅၇၀ ကျော်ရှိတဲ့ နှမစားရစ်ရွာနဲ့ အနီးအနားရွာက ဒေသခံတွေ အပါအဝင် စုစုပေါင်း ၃၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေး နေရပါတယ်။
စစ်ကောင်စီတပ်ကတော့ မီးရှို့ခံရတဲ့ နှမစားရစ်ရွာနဲ့ တစ်မိုင်ခန့်ဝေးတဲ့ သီးလုံးရွာမှာ လက်ရှိ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ရတဲ့အပြင် နေအိမ်ပါ ဆုံးရှုံးလိုက်ရပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နှမစားရစ်ရွာသူ တစ်ဦးက RFA ကို ပြောပါတယ်။
“ဒုက္ခတွေ ရောက်နေကြပြီ။ နေစရာအိမ် မရှိတော့ဘူး။ ဘာမှမရဘူး ပုဆိုးလေး တစ်ထည်နဲ့ စောင်ပဲပါတယ်။ ဝမ်းစာ စပါးတွေလည်း အရှို့ခံလိုက်ရပြီ။ မဆိုင်တဲ့ သူတွေရော အခုက ကလေးပေါက်စတွေ၊ သားသည်မအေတွေ၊ သက်ကြီးရွယ်အိုတွေ ဒုက္ခရောက်ကြရတယ်။ တကယ်တမ်းဆို ကိုယ့်လာတိုက်တဲ့သူပဲ တိုက်ခိုက်လေ”
ထွက်မပြေးနိုင် ရွာထဲမှာကျန်နေခဲ့ရသူတွေထဲမှာ သေဆုံးနိုင်ဖွယ်ရှိတယ်လို့ ပြောကြပေ မယ့် အတည်ပြုလို့ မရသေးဘူးလို့လည်း ဆိုပါတယ်။
မနေ့ညပိုင်းကလည်း ရွှေဘိုမြို့နယ်ထဲက ငါးပိအိုးရွာနဲ့ ဂွေးပင်ကုန်းရွာကို စစ်ကောင်စီတပ် သားတွေ ဝင်ရောက် မီးရှို့ခဲ့တာကြောင့် နှစ်ရွာပေါင်း နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်တယ်၊ ထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရွာ တွေကို မီးရှို့ပြီး ဝင်ရောက်သတ်ဖြတ်နေတာလို့ တန်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။
“တကယ်ခံနေရတာက ပြည်သူတွေပဲ။ သူတို့က မနိုင်ရာမဲတယ်။ ရွာတွေကို စစ်ကြောင်း ထိုးရင်းနဲ့ လူမဆန်တဲ့ အလုပ်တွေလုပ်တယ်။ သူတို့ သိချင်တာတွေ မသိရတဲ့အခါ သတ် ဖြတ်တာတွေရှိတယ်။ အိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေရဲ့ ချွေးနဲ့စာတွေကို လုယက်တယ်။ အညာက ပြည်သူတွေမှာ တော်တော်ကို ဆင်းရဲဒုက္ခတွေ ကြုံတွေ့ရ တယ်”
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း တန့်ဆည်မြို့နယ်၊ ကံကလေးကုန်းရွာကို စစ်ကောင် စီတပ်သားတွေ ဝင်ရောက်ချိန် အသက် (၄၃) နှစ်အရွယ် ကိုစိုးမိုးဆိုသူကို ဖမ်းဆီးသတ် ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလော စစ်ကောင်စီတပ်တွေ လယ်တီရွာမှာ တပ်စွဲထားတာကြောင့် အနီးအနားက သပြေရင်း၊ ခရမ်းခြံ၊ လက်ဆည်ရွာ အပါအဝင် ရွာပေါင်း ၁၀ ရွာလောက်က ဒေသခံ ၆၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးနေရကြပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲတွေမှာ အရေးနိမ့်တိုင်း ရွာတွေကို မီးရှို့တာ အမျိုးသမီးတွေကို မုဒိမ်းကျင့်တာနဲ့ ဒေသခံတွေကို သတ်ဖြတ်တာကို နည်းဗျူဟာတစ်ခုအနေနဲ့ သုံးလာတာ လို့ NLD ပါတီရဲ့ ကောလင်းမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမျိုးဇော် အောင်က RFA ကို ပြောပါတယ်။
“စစ်ကောင်စီက တိုက်ပွဲတွေမှာ အရေးနိမ့်ရင် လူတွေကို ရန်ရှာတဲ့နည်းကို သုံးလေ့ရှိ တယ်။ ရွာထဲကို လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်လေ့ရှိတယ်။ စစ်ကိုင်းတိုင်းက အဓိကအားဖြင့် PDF အားကောင်းတယ်။ ဘာလို့အားကောင်းတာလဲ ဆိုရင် ပြည်သူအားကောင်းလို့။ PDF တွေ ရှေ့မတိုးရဲအောင် ပြည်သူတွေ နောက်တွန့် သွားအောင် လုပ်ချင်တဲ့အခါမှာ ရွာတွေကို မီးရှို့တယ်။ မုဒိမ်းကျင့်တယ်၊ လူသတ်တယ် ဆိုတာကို နည်းဗျူဟာတစ်ခုအနေနဲ့ သုံးလာတာ”

စစ်ကောင်စီက ရွာတွေကိုမီးရှို့ပြီး ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်နေပေမယ့် PDF တွေနဲ့ ပြည်သူတွေရဲ့ တော်လှန်ချင်စိတ်ကိုတော့ ရပ်တန့်သွားအောင် လုပ်နိုင်မှာမဟုတ်ဘူးလို့ ဦးမျိုးဇော်အောင်က ဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒါဟာ စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ ပြောပါတယ်။
"တိုက်ပွဲဖြစ်တိုင်း တပ်မတော်က မီးရှို့တယ်ဆိုတာမျိုး ကျနော်တို့လည်း အမြဲတွေ့နေရတယ်။ အခုအချိန်မှာ တပ်မတော်အစိုးရက နိုင်ငံတစ်ခုလုံးကို တာဝန်ယူနေတဲ့ အချိန်ဖြစ်တယ်။ ကျနော်တို့ အလုပ်များတဲ့ အလုပ်မျိုးကို ကျနော်တို့ လုပ်စရာ အကြောင်းမရှိဘူး။ PDF လုပ်သမျှခံခဲ့ရတဲ့သူတွေက ပြည်သူ့စစ်ဖွဲ့စည်းတာရှိတယ်။ အဲဒီရွာတွေကိုပဲ တိုက်နေတာရှိတယ်"
စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ နေအိမ်အလုံးပေါင်း ၅၂၃၁ လုံး မီးရှို့ခံခဲ့ရပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက နေအိမ် ၃၁၂၆ လုံးနဲ့ အများဆုံးဖြစ်တယ်လို့ စစ်ရေးနဲ့နောက်ဆက်တွဲ အကျိုးဆက်တွေကို သုတေသနပြုလုပ်နေတဲ့ Data For Myanmar အဖွဲ့ရဲ့ ဖေဖော်ဝါရီ ၂၄ ရက် မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။