MNDAA ဖမ်းဆီးခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးသေဆုံး

RFA Burmese
2024.01.24
MNDAA ဖမ်းဆီးခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးသေဆုံး ပန်ဆန်းမြို့ဈေးတန်းတွင် MNDAA တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။
The KoKang

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် မိုးလီကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံဌေးဟာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ခေါ် ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ပြီးနောက် နာရီပိုင်းအကြာမှာပဲ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အသက် ၆၀ အရွယ် ဦးစံဌေးကို ဇန်နဝါရီလ ၂၀ ရက် မနက်ပိုင်းမှာ MNDAA တပ်ဖွဲ့ဝင်ငါးဦးက နေအိမ်အထိ လာရောက်ဖမ်းဆီးခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ သေဆုံးနေတဲ့ရုပ်အလောင်းကို ပြန်ပို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဦးစံဌေးဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

“သူက တိုက်ပွဲဖြစ်တဲ့အချိန် လားရှိုးဘက်ကို ရှောင်နေတာ။ ပြီးခဲ့တဲ့ရက်ကမှ ရွာကိုပြန်သွားတာ မကြာသေးဘူး။ မေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာ။ ပြန်ရောက်တော့ အသက်မရှိတော့ဘူး။ သူက အရင်စစ်အစိုးရအဆက်ဆက်မှာ ကျေးရွာသူကြီးလုပ်ခဲ့ဖူးတယ်။ လုပ်လိုက် နားလိုက်ပေါ့။ အခု သူကြီး ပြန်ဖြစ်တာကလည်း တစ်နှစ်ကျော်လောက်ပဲရှိဦးမယ်”

မိုင်းလီရွာဟာ လားရှိုးနဲ့ သိန္နီကြားမှာရှိပြီး တိုက်ပွဲကြောင့် ဒေသခံအများစု လားရှိုးမြို့ပေါ်ကို ထွက်ပြေးခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ MNDAA ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားအရေး လေ့လာသူတစ်ဦးကတော့ MNDAA အနေနဲ့ လူသေဆုံးတဲ့အထိ ရိုက်နှက်စစ်ဆေးတာမျိုးဟာ မဖြစ်သင့်တဲ့လုပ်ရပ်လို့ ထောက်ပြပါတယ်။

“ခေါ်ပြီးစစ်မေးတာမျိုးက လက်နက်ကိုင်အဖွဲ့တိုင်း လုပ်နေတာပဲ။ ဒါပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အနေနဲ့ကျတော့ အခုလိုသေတဲ့အထိ ရိုက်နှက်တာမျိုး မဖြစ်သင့်ဘူးလို့ ကျွန်တော်ကမြင်တယ်”

၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ ၂၀၂၃ အောက်တိုဘာလ ၂၇ ရက်ကတည်းက သိန္နီမြို့ကို MNDAA က ထိန်းချုပ်ခဲ့နိုင်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်မှာတော့ စစ်ကောင်စီတပ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၆) လက်အောက်ခံတပ်ရင်းတွေကို သိမ်းယူပြီးနောက် သိန္နီမြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။