ဝါရင့် ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုန်း ကွယ်လွန်
2010.08.21
အသက် (၈၈) နှစ် ရှိပြီဖြစ်တဲ့ ဦးရွှေအုန်းဟာ အသည်းကင်ဆာဖြစ်နေပြီး၊ ပြီးခဲ့တဲ့ရက်တွေက သူ့ ဇာတိမြို့ကို စည်းရုံးရေးခရီး ထွက်ခဲ့ပါတယ်။ အဲဒီခရီးက ပြန်လာပြီးတဲ့နောက် ကျန်းမာရေး ပိုဆိုးလာခဲ့ပြီး မနေ့က ကွယ်လွန်သွားတာလို့ ဦးရွှေအုန်းရဲ့ မိတ်ဆွေ ချင်းတိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးထောင်ခိုထန်းက RFA ကိုပြောပါတယ်။
“မနေ့က ညနေ ၆ နာရီကျော်လောက်မှာ ဆုံးသွားတာ။ အသည်းကင်ဆာရောဂါ ဖြစ်နေတာ ၆ လလောက်ရှိပြီတဲ့။ ရှမ်းပြည်ကိုသွားပြီး သူတို့ပါတီ စည်းရုံးရေးသွားပြီး ကျန်းမာရေးမကောင်းလို့ ပြန်လာတဲ့အချိန်မှာ လမ်းမလျှောက်နိုင်တော့လို့ ဘီးတပ်ကုလားထိုင်နဲ့တောင် ပြန်လာရတယ်လို့ ပြောတယ်။ ဦးရွှေအုန်းက ကျနော်သိသလောက် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးနဲ့ တိုင်းရင်းသား တန်းတူရည်တူ အခွင့်အရေး ရရှိရေးကို အဓိကထားပြီး နိုင်ငံရေးမှာ သူ့အမြင်နဲ့သူပေါ့။ ဒါကြောင့်မို့ ဒီမိုကရေစီ ရရှိရေးအတွက် နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်ရမယ်၊ စစ်အစိုးရကို ဒီမိုကရေစီဖြစ်အောင် ပြောင်းလဲရမယ်ဆိုပြီး သူ့သဘောထားကို ကျနော်တို့နဲ့ ဆုံတိုင်းမှာ ပြောပြတယ်”
ဦးရွှေအုန်းဟာ ၁၉၄၇ ခုနှစ်ကကျင်းပခဲ့တဲ့ ပင်လုံညီလာခံကို တက်ရောက်ခဲ့သူတဦး ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ဦးရွှေအုန်းဟာ SSNRLD ခေါ် ရှမ်းပြည်နယ် တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်ကို တည်ထောင်ပြီး ဥက္ကဌအဖြစ် တာဝန်ယူခဲ့သလို ၁၉၉၀ ရွေးကောက်ပွဲမှာလည်း တိုင်းရင်းသား တပ်ပေါင်းစု ဖြစ်တဲ့ UNLD ပါတီ ကိုယ်စားလှယ်အနေနဲ့ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။
အခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့ကို စတင် တည်ထောင်ခဲ့ပြီး ဧပြီလ ၈ ရက်နေ့မှာ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ဆိုပြီး စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ခဲ့ပါတယ်။ မေလ ၂၈ ရက်နေ့မှာ စစ်အစိုးရ က ပြည်ထောင်စု ဒီမိုကရေစီပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုခဲ့ပါတယ်။
ဦးရွှေအုန်းဟာ ‘မပြိုကွဲနိုင်သော ပြည်ထောင်စုကြီးကို တည်ဆောက်ကြပါစို့’ ဆိုတဲ့ခေါင်းစဉ်နဲ့ စာတမ်းတစောင် ရေးသားခဲ့သလို သူ့အတ္ထုပ္ပတ္တိစာအုပ်ကိုလည်း ရေးသားထားတယ်လို့ သိရပါတယ်။