ရောင်းစားခွင့်မရလို့ တောင်းစားနေရပြီ စာတမ်းနဲ့ ဈေးသည်တွေ ဆန္ဒပြ
2012.08.06

ဈေးရောင်းချခွင့် ပြန်လည် တောင်းဆိုနေတဲ့ ဈေးသည်အယောက် (၂၀) ကျော်ထဲက (၁၅) ယောက်ကို ရဲတပ်ဖွဲ့ဝင် (၃၀) လောက်က ကားပေါ်တင်ပြီး၊ ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ လွတ်မြောက်သွားတဲ့ ဆန္ဒပြ ခေါင်းဆောင် တစ်ဦးက RFA ကို အတည်ပြု ပြောပါတယ်။
"ဒီလိုလုပ်ရင် သူက နည်းဥပဒေတွေ၊ ဥပဒေတွေ ဆိုတာ ရှိတယ်။ ကြိုတင် အကြောင်းကြားရမယ်။ ကြိုတင် အကြောင်းမကြားရင် ကျွန်တော်တို့ ဥပဒေအတိုင်း ဆောင်ရွက်မယ်၊ ဖမ်းမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ခေါ်တယ်။ ကျွန်တော်တို့က ပြောတယ်။ ကျွန်တော်တို့က ဆန္ဒပြတာ မဟုတ်ဘူး။ ကျွန်တော်တို့ တောင်းစားတာ။ ဈေးသည်တွေ ဈေးမရောင်းရလို့ တောင်းစားတာပါ။ အဲဒါကို ဘယ်လိုဖမ်းမလဲဆိုတော့ တောင်းစားရင်လည်း တောင်းစားတဲ့ ဥပဒေရှိတယ်။ ခေါ်သွားတယ်"
ဈေးသည်တွေဟာ မိမိတို့ ဈေးရောင်းချခွင့် မရှိတော့တာကြောင့် တောင်းစားနေရပါပြီ ဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ပြီး၊ တောင်းရမ်း စားသောက်တဲ့ ခွက်တွေနဲ့အတူ ညနေ (၃) နာရီကစတင် ဆန္ဒပြခဲ့ကြချိန်မှာ အခုလို ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အဖမ်းခံရတဲ့ ဈေးသည်တွေကို အင်းစိန်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက ပြောပေမယ့် RFA က အသေးစိတ် ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အင်းစိန်ပန်းခြံအနီး ဒက္ခိဏလမ်းမှာ လွန်ခဲ့တဲ့ နှစ် (၂၀) လောက်ကစလို့ ဈေးရောင်းချနေတဲ့ ဈေးသည် ရာနဲ့ချီရှိပြီး သူတို့ကို လုံး၀ ဈေးမရောင်းတော့ဖို့ အခုလ (၃) ရက်နေ့စလို့ အာဏာပိုင်တွေက ပိတ်ပင်လိုက်တာလို့ သိရပါတယ်။