၀ အဖွဲ့ကို ငြိမ်းချမ်းရေး စကားပြောဖို့ ကြားလူက တဆင့် ကမ်းလှမ်း
2011.08.30

Photo Courtesy of UWSA
ပြီးခဲ့တဲ့ အပတ်တွေ အတွင်း ပြည်ထောင်စု လွှတ်တော်မှာ ငြိမ်းချမ်းရေး ကော်မတီ တရပ် ဖွဲ့စည်းလိုက်ပြီးတဲ့ နောက် ပြည်နယ် အလိုက် ငြိမ်းချမ်းရေး စကားပြောဖို့ ၀ ကိုယ်ပိုင် အုပ်ချုပ်ရေး တိုင်းဦးစီး ကော်မတီ ဥက္ကဌ ဦးထွန်းလူက UWSA ကို တယ်လီဖုန်းနဲ့ ဆက်သွယ် အကြောင်းကြားတယ်လို့ UWSA နိုင်ငံခြားရေး ဌာန အရာရှိ တဦးက ပြောပါတယ်။
“၂၀ ရက်နေ့က သူ ကျနော့်ဆီ ဖုန်းဆက်လာတယ်။ သူက ဟိုပန်မှာ ကျတော်က မိုင်းမောက် ဆိုတော့ နီးတယ်လေ။ သူ့ဆီမှာ ပြည်နယ် ငြိမ်းချမ်းရေး ကော်မတီ ဖွဲ့စည်းတဲ့ စာရောက် လာတယ်လို့ ပြောတယ်။ ငြိမ်းချမ်းရေး လိုလားတယ် ဆိုရင် ဆွေးနွေးမယ် ဆိုရင် သူတို့ဆီကနေ လာဆက်သွယ် ဆွေနွေး တင်ပြလို့ ရပါတယ်လို့ ပြောတယ်။ ကျနော်က အထက်ကို တင်ပြမယ်လို့ ပြောလိုက်တယ်။ အထက်ကလည်း ဒီကနေ့ထိ ဘာမှ အကြောင်း မပြန်သေးဘူးပေါ့”
အလားတူ RFA က UWSA ပြောခွင့်ရ ဦးအောင်မြင့်ကို ဆက်သွယ် မေးမြန်းတဲ့အခါ ဒီကိစ္စကို လတ်တလော ဗဟိုကော်မတီမှာ ဆွေးနွေ ဆုံးဖြတ်တာ မကြားသိရဘူးလို့ ဖြေပါတယ်။ UWSA ကို ဆက်သွယ်လာတဲ့ ဦးထွန်းလူဟာ UWSA ကို တယ်လီဖုန်းနဲ့ ဆက်သွယ် ခြင်းသာဖြစ်ပြီး တရားဝင် အကြောင်းကြားစာ ပို့တာမျိုး မဟုတ်ဘူးလို့ ပြောပါတယ်။
ဦးထွန်းလူဟာ ၀ အမျိုးသားတဦး ဖြစ်ပြီး အစိုးရက ၀ ကိုယ်ပိုင် အုပ်ချုပ်ရေးတိုင်း ဦးစီး ကော်မတီ ဥက္ကဌတာဝန် ပေးအပ် ခံရသူ ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ၀ အပါအဝင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း ၈တိုင်း ပေးထားပေမယ့် UWSA က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ၀ ပြည်နယ် တောင်းဆိုထားတာ ဖြစ်သလို နယ်ကြားစောင့်တပ် ဖွဲ့စည်းရေး ကိုလည်း လက်မခံဘဲ ငြင်းဆန်ထားတာ ဖြစ်ပါတယ်။
လတ်တလော အနေနဲ့ ၀ ပြည်နယ်အတွင်း အစိုးရတပ်များနဲ့ UWSA တပ်များ တိုက်ပွဲများ ဖြစ်ပွားတယ်လို့ မကြားရဘဲ တဘက်နဲ့ တဘက် သတိထား စောင့်ကြည့် နေတယ်လို့ သိရပါတယ်။