၂ဝဝ၁ ခုနှစ် ရွှေကလောင်ဆု ဦးဝင်းတင် လက်ခံ


2013.05.31

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကို ကမ္ဘာ့သတင်းစာဆရာများအသင်းက ၂ဝဝ၁ ခုနှစ်က ချီးမြှင့်ခဲ့တဲ့ ရွှေကလောင်ဆုကို အဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သူ မစ္စတာ Aidan White က ရန်ကုန်မြို့ ဦးဝင်းတင်နေထိုင်ရာအိမ်မှာ မနေ့က လာရောက်ပေးအပ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ (၁၂) နှစ် ဒီဆုရရှိချိန်မှာ ထောင်ကျခံနေရဆဲဖြစ်တဲ့အတွက် အဲဒီအဖွဲ့က အခုမှဆုတံဆိပ်ကို လာရောက်ပေးအပ်နိုင်တာဖြစ်တယ်လို့ ဆရာဦးဝင်းတင်က RFA ကိုပြောပါတယ်။

"ဒီဆုကို လွန်ခဲ့တဲ့ ၁၂ နှစ်က ရခဲ့တာပေါ့ဗျာ၊ ဒါပေမယ့် ကျနော်ကထောင်ထဲမှာပဲ ရှိနေတဲ့အခါကျတော့ သူတို့လည်းမပေးနိုင်ဘူးပေါ့၊ မပေးနိုင်တော့ လာပြီးတော့ဆုပေးသွားတယ်၊ အမေရိကကလူပါတယ်၊ ဘန်ကောက်မှာအခြေစိုက်တဲ့ အင်္ဂလိပ်တစ်ယောက်ပါတယ်၊ သူတို့နှစ်ယောက်လာပြီးတော့ပေးတာပါ၊ ထောင်ထဲမှာပဲရောက်နေတဲ့အချိန်မှာ ဒီဆုတွေကပေးတာကိုး၊ ဆုတွေပေးတဲ့အခါကျတော့ ဆုတွေနဲ့ပတ်သက်ပြီး ဘယ်ဆုကဘယ်သူလဲ ဘာညာဆိုတာတွေက ထောင်ဝင်စာပြောတဲ့သူတွေကို ပိတ်ထားတယ်ခင်ဗျ၊ ဒါကတစ်ချက်ပေါ့၊ နောက်တစ်ချက်က အဲဆုတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားမှာယူကြတယ် ဘာညာဆိုတာလည်း ကျနော့်မိတ်ဆွေတွေရဲ့ သားသမီးတွေ ဘာညာတွေပေါ့ဗျာ ယူကြတွေဘာတွေရှိတယ်ပေါ့ဗျာ၊ ကျနော်ကဆုတွေ ဘယ်လောက်ရတယ်တို့ ဒီဆုတွေမှာငွေကြေးပေးသလား ဘာညာကျနော်သိပ်မသိဘူး"


ဒီဆုကို ၂ဝဝ၁ ခုနှစ်က စာရေးဆရာမ၊ သတင်းစာဆရာမ သာယာဝတီ စမ်းစမ်းနွဲ့ကိုလည်း ချီးမြှင့်ခဲ့ ပါတယ်။

ကမ္ဘာ့သတင်းစာဆရာများအသင်းရဲ့ရုံးတွေကို ဂျာမဏီနဲ့ ပြင်သစ်နိုင်ငံတွေမှာဖွင့်ထားပြီး၊ အဲဒီအဖွဲ့မှာ နိုင်ငံပေါင်းတစ်ရာကျော်က သတင်းစာနဲ့ သတင်းစာထုတ်ဝေသူ တစ်သောင်းရှစ်ထောင်လောက်ကို ကိုယ်စားပြုတယ်လို့ သိရပါတယ်။

ဒီအတောအတွင်းမှာပဲ ဟံသာဝတီဦးဝင်းတင်ဖေါင်ဒေးရှင်းက နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းသားဟောင်းတွေရဲ့ သားသမီးတွေအတွက် ပညာသင်ထောက်ပံ့ကြေး သိန်း ၃ဝဝ ကျော်ပေးအပ်ပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ မနေ့ကကျင်းပခဲ့ပါတယ်။

ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၆၄ ဦးကို ထောက်ပံ့ခဲ့ရာမှာ  မူလတန်းကျောင်းသား တစ်ယောက်ကို ကျပ်ငွေတစ်သိန်း၊ အလယ်တန်းကျောင်းသားတစ်ယောက်ကို နှစ်သိန်း၊ အထက်တန်းကျောင်းသားတစ်ယောက်ကို သုံးသိန်း ၊ နိုင်ငံရေးအကျဉ်းသားဟောင်း အဝေးသင် တက္ကသိုလ်ကျောင်းသားတစ်ယောက်ကို သုံးသိန်း၊ နေ့ကျောင်းသားတစ်ယောက်ကို လေးသိန်း၊ အသက်မွေးဝမ်းကျောင်းတက္ကသိုလ် ကျောင်းသားတစ်ယောက်ကို ငါးသိန်းစီထောက်ပံ့ ပေးအပ်ခဲ့ပါတယ်။
ဒီအခမ်းအနားမှာ NLD နာယက ဦးတင်ဦး အမှာစကားပြောကြားခဲ့ပါတယ်။

ကမ္ဘာ့သတင်းစာဆရာများအသင်းက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ၂ဝဝ၁ ခုနှစ်က ချီးမြှင့်ထားတဲ့ ရွှေကလောင်ဆုကို ရန်ကုန်မြို့မှာ သွားရောက်ပေးအပ်ခဲ့တဲ့အကြောင်းနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်မှုအကြောင်း ဆရာဦးဝင်းတင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။