ဦးဝင်းတင် ရက်လည် ဆွမ်းကပ် ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
2014.04.27

ကွယ်လွန်သွားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာ ဆရာကြီး ဦးဝင်းတင်အတွက် ၇ ရက်ပြည့် ရက်လည်ဆွမ်းကျွေး အခမ်းအနားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၊ ရန်ကင်းမြို့နယ်နေအိမ်နဲ့ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက် နေအိမ်တွေမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
ရန်ကင်းမြို့နယ်က ဆရာကြီး ဦးဝင်းတင် နေအိမ် မှာ ပြုလုပ်တဲ့ ဆွမ်းကျွေးအခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး ဆရာကြီးရဲ့မိသားစုဝင်တွေ၊ ဦးဝင်းတင်ဖောင်ဒေးရှင်းက တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မှာကြားခဲ့တာတွေနဲ့ပတ်သက်ပြီး ဆရာကြီး မိသားစုဝင်တစ်ဦးဖြစ်တဲ့ ဦးပေါက်က အခုလိုပြောပါတယ်။
"ဘဘရဲ့ အခုအိမ်နဲ့ပတ်သက်လို့ ပြောတာကတော့ လောလောဆယ် ဒီမိသားစုက ဆက်လက်ထိန်းသိမ်း ထားပါ သူအရင်တခေါက်ပြောခဲ့သလိုပဲ အခွင့့််အခါသင့်တဲ့အချိန်မှာ ဒီအိမ်အလုံးလိုက်ရွေ့ ပြီးတော့ ပြတိုက်သဘောမျိုးလုပ်ပါမယ်၊ အခုဖွဲ့ထားတဲ့ ကော်မတီက ဘဘနဲ့ ပတ်သက်တဲ့ကော်မတီ ဆိုတဲ့ဟာက ဘဘရဲ့လက်ခံရရှိထားတဲ့ အချို့သောဆုတံဆိပ်တွေ နိုင်ငံရပ်ခြားမှာပြန့်နှံ့နေတဲ့ တံဆိပ်တွေ ကို ပြန်လည်ယူပြီးတော့ ထိန်းသိမ်းဖို့ သူတို့ကိုတာဝန်ပေးမယ်လို့ပြောတယ်"
ဆရာကြီး ဦးဝင်းတင် အသက်ရှိစဉ်က နေထိုင်ခဲ့တဲ့ ရန်ကင်းမြို့နယ်က အခန်းကို သတင်းသမားတွေ မှတ်တမ်း ယူနိုင်ဖို့အတွက် ဒီနေ့ နေ့လည်ပိုင်းမှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပျဉ်းမနား၊ ဘိုကလေး၊ ပုသိမ်၊ လှည်းကူး စတဲ့ မြို့တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွေမှာလည်း ကွယ်လွန်သွားတဲ့ ဆရာကြီး ဦးဝင်းတင်အတွက် ရည်စူးပြီး ဆွမ်းကျွေးတရားနာ အခမ်းအနားတွေကို ဒီနေ့ ကျင်းပကြတယ်လို့ သိရပါတယ်။
အလားတူပဲ အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော် နဲ့ ဆက်စပ်နေတဲ့ Maryland ပြည်နယ် က မြန်မာ မိသားစုတွေကလဲ Gaithersburg မြို့အ နီးက အောင်ရတနာ ဘုန်းကြီးကျောင်းမှာ ဆရာ ဦးဝင်းတင်အတွက် ရက်လည်ဆွမ်း ဆက်ကပ်ပွဲ ကျင်းပခဲ့ကြပါတယ်။