EU ရဲ့ ပိတ်ဆို့မှုတွေ လုံးဝရုပ်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန် မေတ္တာရပ်ခံ


2013.03.04

ဥရောပသမဂ္ဂ(EU)အနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားတွေကို လုံးဝရုတ်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန်က မေတ္တာရပ်ခံလိုက်ပါတယ်။

သြစတြီးယားနိုင်ငံကို ရောက်ရှိနေစဉ်အတွင်း သြစတြီးယားသမ္မတ Heinz Fischer နဲ့ တွေ့ဆုံအပြီး သမ္မတနှစ်ဦးပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မနေ့က ပြောကြားခဲ့တာပါ။

မိမိတို့မှာ ချို့တဲ့နေတာက အရင်းအနှီးနဲ့ အတတ်ပညာ နည်းပညာတွေဖြစ်ပါတယ်၊ ဒါကလည်း ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက် ပိတ်ဆို့ခံထားခဲ့ရလို့ ဖြစ်ပါတယ်လို့ သမ္မတ ဦးသိန်းစိန်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်လာခဲ့တဲ့အတွက် ဥရောပသမဂ္ဂ(EU)က လက်နက်အရောင်းအဝယ်ကိစ္စကလွဲပြီး ကျန်တဲ့ပိတ်ဆို့အရေးယူထားတာတွေကို ယာယီဆိုင်းငံ့လိုက်ပါတယ်။

ဒါပေမဲ့ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေက နိုင်ငံတကာအတွက် စိုးရိမ်စရာဖြစ်လာရပြန်ပါတယ်။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်က အခုအခါ တစ်နိုင်ငံလုံးမှာ အကြမ်းပတမ်းကိစ္စတွေ၊ တိုက်တာခိုက်တာတွေ လုံးဝမရှိတော့ပါဘူး၊ ဒီလို လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းသွားအောင် အဆုံးသတ်နိုင်ခဲ့ပါပြီ လို့ ပြောကြားခဲ့ပါတယ်။

သြစတြီးယား သမ္မတ မစ္စတာ Fischer ကလည်း ဒီမိုကရေစီ လမ်းစဉ်ကို စလျှောက်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီလမ်းကြောင်းကို ဆက်လျှောက်ဖို့ တိုက်တွန်းပါတယ်၊ ၂၀၁၅ ရွေးကောက်ပွဲဟာလည်း ကောင်းမွန်မျှတပြီး၊ မြန်မာ့အနာဂတ်လမ်းကြောင်းကို ဆုံးဖြတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဒင်းညုမြစ် ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

နော်ဝေးနဲ့ ဖင်လန်နိုင်ငံတွေကနေ သြစတြီးယားနိုင်ငံကို ရောက်ရှိခဲ့တဲ့ သမ္မတဦးသိန်းစိန် ဟာ ဘယ်လဂျီယံ နိုင်ငံနဲ့ အီတလီနိုင်ငံတွေကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။