သမ္မတ ဦးသိန်းစိန် ဖိလစ်ပိုင်ကို သွားမည်


2013.11.25

သမ္မတ ဦးသိန်းစိန်ဟာ လာမယ့်သီတင်းပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံကို နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်မှာ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ဖိလစ်ပိုင်သမ္မတ ဘင်နစ်နို အကွီနိုရဲ့ ဖိတ်ကြားချက်အရ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ကို ဒီဇင်ဘာ ၄ ရက်ကနေ ၆ ရက်အထိ အလည်အပတ်လာရောက်မှာဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ စိုက်ပျိုးရေး၊ စွမ်အင်ကဏ္ဍတွေနဲ့ ယဉ်ကျေးမှု ဖလှယ်ရေး၊  ဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးကြမယ့်အပြင်၊ လာမယ့်နှစ်မှာ မြန်မာနိုင်ငံက အာဆီယံ ဥက္ကဌအဖြစ် စတင်တာဝန်ယူမယ့်ကိစ္စ အပါအဝင် ဒေသတွင်းကိစ္စတွေကိုလည်း ဆွေးနွေးကြဖွယ်ရှိတယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံကြား သံတမန်ဆက်ဆံရေးကို ၁၉၅၆ ခုနှစ်က စတင်ခဲ့တာကြောင့် လာမယ့် ၂၀၁၆ ခုနှစ်မှာ နှစ်နိုင်ငံဆက်ဆံရေး နှစ် ၆၀ ပြည့်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ် စစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ဖိလစ်ပိုင်နိုင်ငံကို နောက်ဆုံးသွားရောက်ခဲ့ပြီးတဲ့နောက်၊ အရပ်သားအစိုးရ သမ္မတအဖြစ် ဦးသိန်းစိန် ပထမဆုံးသွားရောက်မှာပါ။

ဖိလစ်ပိုင်သမ္မတ အကွီနို ကတော့ ဒီနှစ်ဇွန်လက မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့ပါတယ်။  မကြာခင်က ဟိုင်ယန် တိုင်ဖုန်း မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဖိလစ်ပိုင်လေဘေးဒုက္ခသည်တွေအတွက် မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ တစ်သိန်းနဲ့ ကယ်ဆယ်ရေးပစ္စည်း ၇ တန် လှူဒါန်းခဲ့ပါတယ်။

အခုအခါ တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်ပြည်နဲ့ ဖိလစ်ပိုင် အပါအဝင် နိုင်ငံတချို့အကြား ရေပိုင်နက်အငြင်းပွားနေကြတာကြောင့် အာဆီယံဥက္ကဋ္ဌဖြစ်လာမယ့် မြန်မာနိုင်ငံအနေနဲ့ ဒီကိစ္စမှာ တရုတ်ပြည်ရဲ့ ဖိအားပေးတာခံရမလားဆိုတာ အများကစောင့်ကြည့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။